57. အသက်ရှင်တော်မူသောခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍ ငါသည် ခမည်းတော်အားဖြင့် အသက်ရှင်သကဲ့သို့ ငါ့ကိုစားသောသူသည်လည်း ငါ့အားဖြင့် အသက်ရှင်မည်။
58. ဤမုန့်ကား ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ဘိုးဘေးများစားပြီး သေဆုံးသွားရသည့်မုန့်မျိုးမဟုတ်။ ဤမုန့်ကိုစားသောသူသည် ကာလအစဉ်အဆက်အသက်ရှင်မည်”ဟု မိန့်တော်မူ၏။
59. ကိုယ်တော်သည် ကပေရနောင်မြို့၌ သွန်သင်တော်မူစဉ် ဤအကြောင်းအရာများကို ဝတ်ပြုစည်းဝေးကျောင်းတွင် မိန့်တော်မူ၏။
60. တပည့်တော်တို့ထဲမှအများစုသည် ကြားလျှင် “ဤစကားသည် ပြင်းထန်လှ၏။ မည်သူနားထောင်နိုင်မည်နည်း”ဟု ဆိုကြ၏။
61. ဤအကြောင်းအရာနှင့်ပတ်သက်၍ တပည့်တော်တို့မကျေမနပ်ပြောဆိုနေကြသည်ကို ယေရှုသည် အလိုအလျောက်သိတော်မူသဖြင့် “ဤစကားကြောင့် သင်တို့စိတ်ပျက်ကြသလော။
62. သို့ဖြစ်လျှင် လူ့သားသည် ယခင်နေခဲ့ရာအရပ်သို့တက်သွားသည်ကို သင်တို့မြင်ရပါမူ မည်သို့ဖြစ်မည်နည်း။
63. ဝိညာဉ်တော်ကသာ အသက်ရှင်စေ၏။ ကိုယ်ကာယသည် မည်သည့်အကျိုးကိုမျှမပေး။ ငါဟောပြောသောစကားတို့သည် ဝိညာဉ်ဖြစ်ပြီး အသက်လည်းဖြစ်၏။
64. သို့သော် သင်တို့တွင် မယုံကြည်သောသူအချို့ရှိ၏”ဟု မိန့်တော်မူ၏။ ထိုသို့မိန့်တော်မူသည့်အကြောင်းကား မယုံကြည်သောသူတို့သည် မည်သူတို့ဖြစ်ကြသည်ကိုလည်းကောင်း၊ မိမိကိုအပ်နှံမည့်သူသည် မည်သူဖြစ်သည်ကိုလည်းကောင်း ယေရှုသည် အစအဦးကပင် သိထားတော်မူသောကြောင့်ဖြစ်၏။
65. ထို့နောက် ကိုယ်တော်က “ဤအကြောင်းကြောင့် ခမည်းတော်သည် အခွင့်ပေးတော်မမူလျှင် မည်သူမျှ ငါ့ထံသို့မလာနိုင်ဟု သင်တို့အား ငါပြောခဲ့ပြီ”ဟူ၍ မိန့်တော်မူ၏။