29. ယေရှုက “ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
30. သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
31. ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားကြရသည်”ဟု လျှောက်ကြ၏။
32. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
33. အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
34. ထိုအခါ သူတို့က “သခင်ဘုရား၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ”ဟု လျှောက်ကြ၏။
35. ယေရှုကလည်း “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
36. သို့ရာတွင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37. ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။
38. အကြောင်းမူကား ငါသည် မိမိအလိုကို ဆောင်ရွက်ရန်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကို ဆောင်ရွက်ရန် ကောင်းကင်မှဆင်းသက်၏။
39. ငါ့ကိုစေလွှတ်တော်မူသောအရှင်၏အလိုတော်ကား ငါ့ထံကိုယ်တော်ပေးအပ်တော်မူသမျှသောသူတို့တွင် တစ်စုံတစ်ဦးကိုမျှ ငါမဆုံးရှုံးဘဲ နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေရန်ဖြစ်၏။
40. အမှန်စင်စစ် ငါ့ခမည်းတော်၏အလိုတော်မှာ သားတော်ကိုမြင်၍ယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန်ဖြစ်၏။ ငါသည်လည်း နောက်ဆုံးသောနေ့၌ ထိုသူတို့ကိုထမြောက်စေမည်”ဟု မိန့်တော်မူ၏။
41. ယေရှုက “ငါသည် ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏”ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
42. “ဤသူသည် ယောသပ်၏သားယေရှုဖြစ်သည်မဟုတ်လော။ သူ၏မိခင်နှင့်ဖခင်ကိုလည်း ငါတို့သိကြသည်မဟုတ်လော။ ယခု သူသည် အဘယ်ကြောင့် ‘ငါသည် ကောင်းကင်မှဆင်းသက်၏’ဟု ဆိုရသနည်း”ဟူ၍ ကိုယ်တော့်အကြောင်းကို မကျေမနပ်ပြောဆိုကြ၏။