24. လူထုပရိသတ်သည် ထိုအရပ်၌ ယေရှုမှစ၍တပည့်တော်တို့ပါ မရှိကြောင်းကိုသိမြင်သဖြင့် ထိုလှေငယ်များပေါ်တက်ပြီးလျှင် ယေရှုကိုရှာရန် ကပေရနောင်မြို့သို့သွားကြ၏။
25. ပင်လယ်တစ်ဖက်ကမ်းတွင် ကိုယ်တော်ကိုတွေ့ကြသောအခါ သူတို့က “ရဗ္ဗိ၊ ဤအရပ်သို့ မည်သည့်အချိန်က ကြွရောက်တော်မူသနည်း”ဟု မေးလျှောက်ကြ၏။
26. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့ငါ့ကိုရှာကြသည်မှာ နိမိတ်လက္ခဏာများကိုမြင်ရသောကြောင့်မဟုတ်။ မုန့်ကိုစား၍ဝသောကြောင့်သာဖြစ်၏။
27. ပျက်စီးတတ်သောအစားအစာအတွက်မဟုတ်ဘဲ လူ့သားသည် သင်တို့ကိုပေးမည့် ထာဝရအသက်တိုင်အောင်တည်မြဲသောအစားအစာအတွက် လုပ်ဆောင်ကြလော့။ အကြောင်းမူကား ခမည်းတော်ဘုရားသည် ထိုလူ့သားကို တံဆိပ်ခတ်နှိပ်တော်မူ၏”ဟု ပြန်၍မိန့်တော်မူ၏။
28. သူတို့ကလည်း “ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်ရန် အကျွန်ုပ်တို့သည် မည်သည့်အရာကို ပြုရပါမည်နည်း”ဟု မေးလျှောက်ကြ၏။
29. ယေရှုက “ဘုရားသခင်၏အမှုတော်မှာ ဘုရားသခင်စေလွှတ်တော်မူသောသူကို ယုံကြည်ခြင်းပင်ဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
30. သူတို့ကလည်း “သို့ဖြစ်လျှင် အကျွန်ုပ်တို့မြင်၍ ကိုယ်တော်ကိုယုံကြည်နိုင်ရန် မည်သို့သောနိမိတ်လက္ခဏာကို ကိုယ်တော်ပြုတော်မူမည်နည်း။ မည်သည့်အမှုကို ဆောင်ရွက်ပေးတော်မူမည်နည်း။
31. ကျမ်းစာ၌ ‘ကောင်းကင်မှမုန့်ကို သူတို့စားရန်ပေးတော်မူ၏’ဟူ၍ ရေးထားသည့်အတိုင်း အကျွန်ုပ်တို့၏ဘိုးဘေးများသည် တောကန္တာရတွင် မန္နကိုစားကြရသည်”ဟု လျှောက်ကြ၏။
32. ယေရှုကလည်း “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
33. အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။
34. ထိုအခါ သူတို့က “သခင်ဘုရား၊ ထိုမုန့်ကို အကျွန်ုပ်တို့အား အစဉ်ပေးတော်မူပါ”ဟု လျှောက်ကြ၏။
35. ယေရှုကလည်း “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့လာသောသူသည် မည်သည့်အခါမျှ ဆာလောင်မည်မဟုတ်။ ငါ့ကိုယုံကြည်သောသူသည်လည်း မည်သည့်အခါမျှရေငတ်တော့မည်မဟုတ်။
36. သို့ရာတွင် သင်တို့သည် ငါ့ကိုမြင်လျက်ပင် မယုံကြည်ကြဟု ငါဆိုခဲ့ပြီ။
37. ငါ့အားခမည်းတော်ပေးတော်မူသောသူမှန်သမျှသည် ငါ့ထံသို့လာမည်။ ငါ့ထံသို့လာသောသူကိုလည်း ငါသည် မည်သည့်အခါမျှနှင်ထုတ်မည်မဟုတ်။