14. ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍ “ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
15. ထိုသူသည်သွား၍ မိမိကိုအကောင်းပကတိဖြစ်စေခဲ့သူမှာ ယေရှုဖြစ်ကြောင်း ဂျူးလူမျိုးတို့အား ပြောကြားလေ၏။
16. ယေရှုသည် ဤအရာများကို ဥပုသ်နေ့၌ပြုတော်မူသောကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို လိုက်လံညှဉ်းဆဲကြ၏။
17. သို့ရာတွင် ယေရှုက “ငါ့ခမည်းတော်သည် ယခုတိုင်အောင် အလုပ်လုပ်တော်မူသည်ဖြစ်၍ ငါသည်လည်းအလုပ်လုပ်၏”ဟု သူတို့အားပြန်၍မိန့်တော်မူ၏။
18. ထို့အတွက်ကြောင့် ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုသတ်ရန် ပို၍ကြိုးစားရှာကြံကြ၏။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် ဥပုသ်နေ့ကိုဖောက်ဖျက်သည်သာမက ဘုရားသခင်ကိုမိမိ၏ခမည်းတော်ဟုခေါ်လျက် မိမိကိုယ်ကို ဘုရားသခင်နှင့်တန်းတူထားသောကြောင့်ဖြစ်၏။
19. ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ သားတော်သည် ခမည်းတော်ပြုတော်မူသောအရာကိုမြင်၍ ပြုခြင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မိမိဆန္ဒအလျောက်မပြုနိုင်။ အကြောင်းမူကား ခမည်းတော်ပြုတော်မူသမျှအတိုင်း သားတော်လည်းပြု၏။
20. ခမည်းတော်သည် သားတော်ကိုချစ်တော်မူသောကြောင့် မိမိပြုတော်မူသမျှတို့ကို သားတော်အားပြတော်မူ၏။ သင်တို့အံ့သြခြင်းရှိကြစေရန် ဤထက်ကြီးမြတ်သောအမှုတို့ကိုလည်း သားတော်အား ပြတော်မူလိမ့်မည်။
21. ခမည်းတော်သည် သေလွန်သောသူတို့ကို ထမြောက်စေ၍ အသက်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို အသက်ရှင်စေ၏။
22-23. လူအပေါင်းတို့သည် ခမည်းတော်ကိုရိုသေသကဲ့သို့ သားတော်ကိုရိုသေကြရန် ခမည်းတော်သည် မည်သူ့ကိုမျှတရားစီရင်တော်မမူဘဲ တရားစီရင်ခြင်းအခွင့်ရှိသမျှကို သားတော်အားပေးအပ်တော်မူပြီ။ သားတော်ကိုမရိုသေသောသူသည် သားတော်ကိုစေလွှတ်တော်မူသော ခမည်းတော်ကိုမရိုသေ။
24. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့စကားကိုနားထောင်၍ ငါ့ကိုစေလွှတ်တော်မူသောသူကို ယုံကြည်သောသူသည် ထာဝရအသက်ကိုရရှိသည်ဖြစ်၍ အပြစ်စီရင်ခြင်းကိုမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းပြီဖြစ်၏။
25. သင်တို့အား ငါအမှန်အကန်ဆိုမည်။ သေလွန်သောသူတို့သည် ဘုရားသခင်သားတော်၏အသံကိုကြား၍ ကြားသောသူတို့သည် အသက်ရှင်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။
26. အကြောင်းမူကား ခမည်းတော်သည် မိမိ၌အသက်ကိုပိုင်ဆိုင်တော်မူသည်နည်းတူ သားတော်အားလည်း မိမိ၌အသက်ကိုပိုင်ဆိုင်ခွင့်ပေးတော်မူ၏။
27. သားတော်သည် လူ့သားဖြစ်သောကြောင့် ခမည်းတော်သည် တရားစီရင်ပိုင်ခွင့်ကိုလည်း သားတော်အားပေးအပ်တော်မူပြီ။