Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 5:10-21 Myanmar Standard Bible (MSB)

10. သို့​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​က “ယ​နေ့​သည် ဥ​ပုသ်​နေ့​ဖြစ်​၏။ သင်​သည် ကိုယ့်​အိပ်​ရာ​ကို​ဆောင်​ယူ​ခြင်း​မှာ တ​ရား​တော်​နှင့်​မ​ညီ”​ဟု ရော​ဂါ​ပျောက်​ကင်း​သော​ထို​သူ​အား ပြော​ဆို​ကြ​၏။

11. ထို​သူ​က​လည်း “အ​ကျွန်ုပ်​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​သော​သူ​က ‘သင့်​အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု အ​ကျွန်ုပ်​အား မိန့်​တော်​မူ​ခဲ့​သည်”​ဟု ပြန်​ပြော​လေ​၏။

12. ဂျူး​လူ​မျိုး​တို့​က​လည်း “‘အိပ်​ရာ​ကို​ဆောင်​ယူ​၍ လမ်း​လျှောက်​လော့’​ဟု သင့်​အား​ဆို​သူ​ကား မည်​သူ​နည်း”​ဟု မေး​မြန်း​ကြ​၏။

13. သို့​ရာ​တွင် အ​ကောင်း​ပ​က​တိ​ဖြစ်​လာ​သော​သူ​သည် ထို​သို့​မိန့်​တော်​မူ​သော​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​မ​သိ။ အ​ဘယ်​ကြောင့်​ဆို​သော် ထို​အ​ရပ်​၌ လူ​အ​စု​အ​ဝေး​ရှိ​နေ​စဉ် ယေ​ရှု​သည် မ​ထင်​မ​ရှား​ထွက်​သွား​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

14. ထို့​နောက် ယေ​ရှု​သည် ထို​သူ​ကို ဗိ​မာန်​တော်​၌​တွေ့​၍ “ကြည့်​လော့။ သင်​သည် အ​ကောင်း​ပ​က​တိ​ဖြစ်​လေ​ပြီ။ နောက်​တစ်​ဖန်​အ​ပြစ်​မ​ပြု​နှင့်။ သို့​မ​ဟုတ်​လျှင် ပို​၍​ဆိုး​ရွား​သော​အ​ရာ​သည် သင့်​အ​ပေါ် သက်​ရောက်​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

15. ထို​သူ​သည်​သွား​၍ မိ​မိ​ကို​အ​ကောင်း​ပ​က​တိ​ဖြစ်​စေ​ခဲ့​သူ​မှာ ယေ​ရှု​ဖြစ်​ကြောင်း ဂျူး​လူ​မျိုး​တို့​အား ပြော​ကြား​လေ​၏။

16. ယေ​ရှု​သည် ဤ​အ​ရာ​များ​ကို ဥ​ပုသ်​နေ့​၌​ပြု​တော်​မူ​သော​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို လိုက်​လံ​ညှဉ်း​ဆဲ​ကြ​၏။

17. သို့​ရာ​တွင် ယေ​ရှု​က “ငါ့​ခ​မည်း​တော်​သည် ယ​ခု​တိုင်​အောင် အ​လုပ်​လုပ်​တော်​မူ​သည်​ဖြစ်​၍ ငါ​သည်​လည်း​အ​လုပ်​လုပ်​၏”​ဟု သူ​တို့​အား​ပြန်​၍​မိန့်​တော်​မူ​၏။

18. ထို့​အ​တွက်​ကြောင့် ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​သတ်​ရန် ပို​၍​ကြိုး​စား​ရှာ​ကြံ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော် ယေ​ရှု​သည် ဥ​ပုသ်​နေ့​ကို​ဖောက်​ဖျက်​သည်​သာ​မ​က ဘု​ရား​သ​ခင်​ကို​မိ​မိ​၏​ခ​မည်း​တော်​ဟု​ခေါ်​လျက် မိ​မိ​ကိုယ်​ကို ဘု​ရား​သ​ခင်​နှင့်​တန်း​တူ​ထား​သော​ကြောင့်​ဖြစ်​၏။

19. ထို​အ​ခါ ယေ​ရှု​က “သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ သား​တော်​သည် ခ​မည်း​တော်​ပြု​တော်​မူ​သော​အ​ရာ​ကို​မြင်​၍ ပြု​ခြင်း​မှ​တစ်​ပါး အ​ခြား​မည်​သည့်​အ​ရာ​ကို​မျှ မိ​မိ​ဆန္ဒ​အ​လျောက်​မ​ပြု​နိုင်။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​ပြု​တော်​မူ​သ​မျှ​အ​တိုင်း သား​တော်​လည်း​ပြု​၏။

20. ခ​မည်း​တော်​သည် သား​တော်​ကို​ချစ်​တော်​မူ​သော​ကြောင့် မိ​မိ​ပြု​တော်​မူ​သ​မျှ​တို့​ကို သား​တော်​အား​ပြ​တော်​မူ​၏။ သင်​တို့​အံ့​သြ​ခြင်း​ရှိ​ကြ​စေ​ရန် ဤ​ထက်​ကြီး​မြတ်​သော​အ​မှု​တို့​ကို​လည်း သား​တော်​အား ပြ​တော်​မူ​လိမ့်​မည်။

21. ခ​မည်း​တော်​သည် သေ​လွန်​သော​သူ​တို့​ကို ထ​မြောက်​စေ​၍ အ​သက်​ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သော​သူ​တို့​ကို အ​သက်​ရှင်​စေ​၏။