40. သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။
41. ထိုအခါ ပို၍များစွာသောသူတို့သည် ကိုယ်တော်၏စကားတော်ကြောင့် ယုံကြည်ကြ၏။
42. သူတို့က ထိုအမျိုးသမီးအား “ယခု ငါတို့ယုံကြည်ကြသည်မှာ သင်ပြောဆိုသောစကားကြောင့်မဟုတ်တော့ပါ။ ငါတို့ကိုယ်တိုင်ကြားနာရသဖြင့် ဤသူသည် လောက၏ကယ်တင်ရှင်အစစ်အမှန်ဖြစ်ကြောင်းကို သိကြပြီ”ဟု ဆိုကြ၏။
43. နှစ်ရက်လွန်သော် ကိုယ်တော်သည် ထိုအရပ်မှထွက်ခွာ၍ ဂါလိလဲနယ်သို့ကြွတော်မူ၏။
44. ပရောဖက်သည် မိမိ၏နေရင်းမြို့၌ ဂုဏ်သရေမရှိကြောင်း ယေရှုကိုယ်တိုင်သက်သေခံတော်မူ၏။
45. ဂါလိလဲနယ်သို့ရောက်တော်မူသောအခါ ဂါလိလဲနယ်သားတို့သည် ကိုယ်တော်ကိုကြိုဆိုလက်ခံကြ၏။ အကြောင်းမူကား သူတို့သည်လည်း ပွဲတော်သို့သွားရောက်ခဲ့၍ ပွဲတော်ကာလအတွင်း ဂျေရုဆလင်မြို့၌ ကိုယ်တော်ပြုတော်မူသောအမှုအရာအားလုံးတို့ကို မြင်ခဲ့ကြ၏။
46. ထို့နောက် ယေရှုသည် ရေကိုစပျစ်ဝိုင်ဖြစ်စေခဲ့ရာ ဂါလိလဲနယ်၊ ကာနမြို့သို့ တစ်ဖန်ကြွတော်မူ၏။ ထိုအခါ၌ ကပေရနောင်မြို့တွင် မှူးမတ်တစ်ဦးရှိ၍ သူ့သားသည် နာမကျန်းဖြစ်နေ၏။
47. ယုဒနယ်မှ ဂါလိလဲနယ်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုမှူးမတ်သည်ကြားသောအခါ သူ၏သား သေအံ့ဆဲဆဲဖြစ်သောကြောင့် ကိုယ်တော်ထံသို့သွားပြီးလျှင် ကြွလာ၍ သား၏အနာရောဂါကို ပျောက်ကင်းစေတော်မူပါရန် တောင်းပန်လေ၏။
48. ယေရှုကလည်း “သင်တို့သည် နိမိတ်လက္ခဏာနှင့်အံ့ဩဖွယ်ရာများကို မမြင်ရလျှင် မည်သည့်အခါမျှ ယုံကြည်ကြမည်မဟုတ်”ဟု မိန့်တော်မူ၏။
49. ထိုမှူးမတ်က “သခင်ဘုရား၊ အကျွန်ုပ်၏သားမသေမီ ကြွလာတော်မူပါ”ဟု လျှောက်လေ၏။
50. ယေရှုကလည်း “သွားလော့။ သင်၏သား အသက်ချမ်းသာရာရပြီ”ဟု မိန့်တော်မူ၏။ ထိုမှူးမတ်သည် မိမိအား ယေရှုမိန့်တော်မူသောစကားကိုယုံကြည်၍ ပြန်သွားလေ၏။