Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:31-49 Myanmar Standard Bible (MSB)

31. ထို​အ​ချိန်​အ​တော​အ​တွင်း​၌ တ​ပည့်​တော်​တို့​က “ရဗ္ဗိ၊ သုံး​ဆောင်​တော်​မူ​ပါ”​ဟု ကိုယ်​တော်​အား​ပန်​ကြား​ကြ​၏။

32. သို့​သော် ကိုယ်​တော်​က “ငါ​၌ သင်​တို့​မ​သိ​သော​စား​စ​ရာ​ရှိ​၏”​ဟု မိန့်​တော်​မူ​၏။

33. ထို့​ကြောင့် တ​ပည့်​တော်​တို့​က “တစ်​စုံ​တစ်​ယောက်​သည် ကိုယ်​တော်​အား စား​စ​ရာ​ကို​ယူ​လာ​ပေး​ပြီ​လော”​ဟု အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။

34. ယေ​ရှု​က​လည်း “ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​သူ​၏​အ​လို​တော်​ကို ဆောင်​ရွက်​၍ သူ​၏​အ​မှု​တော်​ကို​ပြီး​မြောက်​စေ​ခြင်း​သည် ငါ​၏​အ​စား​အ​စာ​ဖြစ်​၏။

35. သင်​တို့​က ‘ရိတ်​သိမ်း​ချိန်​ရောက်​ရန် လေး​လ​လို​သေး​၏’​ဟု ဆို​ကြ​သည်​မ​ဟုတ်​လော။ ငါ​ဆို​သည်​ကား လယ်​ပြင်​တို့​ကို မျှော်​ကြည့်​ကြ​လော့။ ရိတ်​သိမ်း​ရန်​အ​သင့်​ရှိ​လျက် ဝင်း​မှည့်​နေ​ပြီ။

36. မျိုး​ကြဲ​သော​သူ​နှင့်​ရိတ်​သိမ်း​သော​သူ​သည် အ​တူ​တ​ကွ​ဝမ်း​မြောက်​ကြ​မည့်​အ​ကြောင်း ရိတ်​သိမ်း​သော​သူ​သည် ဆု​လာဘ်​ကို​ရ​ရှိ​လျက် ထာ​ဝ​ရ​အ​သက်​အ​တွက် အ​သီး​အ​နှံ​ကို​စု​သိမ်း​နှင့်​ပြီ။

37. ထို့​ကြောင့် ‘တစ်​ဦး​က မျိုး​ကြဲ​လျက် အ​ခြား​တစ်​ဦး​က ရိတ်​သိမ်း​၏’​ဟူ​သော​ဆို​ရိုး​စ​ကား​သည် ဤ​နေ​ရာ​၌ မှန်​ကန်​၏။

38. သင်​တို့​လုပ်​အား​မ​စိုက်​ခဲ့​သော​အ​ရာ​ကို ရိတ်​သိမ်း​ရန် သင်​တို့​အား ငါ​စေ​လွှတ်​၏။ အ​ခြား​သော​သူ​တို့​သည် လုပ်​အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အား​စိုက်​မှု​ရ​လဒ်​၌ ပါ​ဝင်​ကြ​ရ​၏”​ဟု မိန့်​တော်​မူ​၏။

39. “ကျွန်​မ​ပြု​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို ထို​သူ​ထုတ်​ဖော်​ပြော​ဆို​ခဲ့​သည်”​ဟု သက်​သေ​ခံ​သော​ရှ​မာ​ရိ​အ​မျိုး​သ​မီး​၏​စ​ကား​ကြောင့် ထို​မြို့​မှ​ရှ​မာ​ရိ​နယ်​သား​များ​စွာ​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

40. သို့​ဖြစ်​၍ ရှ​မာ​ရိ​နယ်​သား​တို့​သည် ကိုယ်​တော်​ထံ​သို့​ရောက်​လာ​ကြ​သော​အ​ခါ မိ​မိ​တို့​ထံ​၌ တည်း​ခို​တော်​မူ​ရန် ကိုယ်​တော်​အား​တောင်း​ပန်​ကြ​သ​ဖြင့် ကိုယ်​တော်​သည် ထို​အ​ရပ်​တွင် နှစ်​ရက်​တည်း​ခို​တော်​မူ​၏။

41. ထို​အ​ခါ ပို​၍​များ​စွာ​သော​သူ​တို့​သည် ကိုယ်​တော်​၏​စ​ကား​တော်​ကြောင့် ယုံ​ကြည်​ကြ​၏။

42. သူ​တို့​က ထို​အ​မျိုး​သ​မီး​အား “ယ​ခု ငါ​တို့​ယုံ​ကြည်​ကြ​သည်​မှာ သင်​ပြော​ဆို​သော​စ​ကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်​တိုင်​ကြား​နာ​ရ​သ​ဖြင့် ဤ​သူ​သည် လော​က​၏​ကယ်​တင်​ရှင်​အ​စစ်​အ​မှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။

43. နှစ်​ရက်​လွန်​သော် ကိုယ်​တော်​သည် ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့​ကြွ​တော်​မူ​၏။

44. ပ​ရော​ဖက်​သည် မိ​မိ​၏​နေ​ရင်း​မြို့​၌ ဂုဏ်​သ​ရေ​မ​ရှိ​ကြောင်း ယေ​ရှု​ကိုယ်​တိုင်​သက်​သေ​ခံ​တော်​မူ​၏။

45. ဂါ​လိ​လဲ​နယ်​သို့​ရောက်​တော်​မူ​သော​အ​ခါ ဂါ​လိ​လဲ​နယ်​သား​တို့​သည် ကိုယ်​တော်​ကို​ကြို​ဆို​လက်​ခံ​ကြ​၏။ အ​ကြောင်း​မူ​ကား သူ​တို့​သည်​လည်း ပွဲ​တော်​သို့​သွား​ရောက်​ခဲ့​၍ ပွဲ​တော်​ကာ​လ​အ​တွင်း ဂျေ​ရု​ဆ​လင်​မြို့​၌ ကိုယ်​တော်​ပြု​တော်​မူ​သော​အ​မှု​အ​ရာ​အား​လုံး​တို့​ကို မြင်​ခဲ့​ကြ​၏။

46. ထို့​နောက် ယေ​ရှု​သည် ရေ​ကို​စ​ပျစ်​ဝိုင်​ဖြစ်​စေ​ခဲ့​ရာ ဂါ​လိ​လဲ​နယ်၊ ကာ​န​မြို့​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။ ထို​အ​ခါ​၌ က​ပေ​ရ​နောင်​မြို့​တွင် မှူး​မတ်​တစ်​ဦး​ရှိ​၍ သူ့​သား​သည် နာ​မ​ကျန်း​ဖြစ်​နေ​၏။

47. ယု​ဒ​နယ်​မှ ဂါ​လိ​လဲ​နယ်​သို့ ယေ​ရှု​ကြွ​လာ​တော်​မူ​ကြောင်း​ကို ထို​မှူး​မတ်​သည်​ကြား​သော​အ​ခါ သူ​၏​သား သေ​အံ့​ဆဲ​ဆဲ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ထံ​သို့​သွား​ပြီး​လျှင် ကြွ​လာ​၍ သား​၏​အ​နာ​ရော​ဂါ​ကို ပျောက်​ကင်း​စေ​တော်​မူ​ပါ​ရန် တောင်း​ပန်​လေ​၏။

48. ယေ​ရှု​က​လည်း “သင်​တို့​သည် နိ​မိတ်​လက္ခ​ဏာ​နှင့်​အံ့​ဩ​ဖွယ်​ရာ​များ​ကို မ​မြင်​ရ​လျှင် မည်​သည့်​အ​ခါ​မျှ ယုံ​ကြည်​ကြ​မည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

49. ထို​မှူး​မတ်​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​သား​မ​သေ​မီ ကြွ​လာ​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။