23. သို့သော် စစ်မှန်သောကိုးကွယ်သူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ခမည်းတော်ကို ကိုးကွယ်မည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ အကြောင်းမူကား ခမည်းတော်သည် ထိုသို့ကိုးကွယ်သောသူတို့ကို အလိုရှိတော်မူ၏။
24. ဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၍ ဘုရားသခင်ကိုကိုးကွယ်သောသူတို့သည် ဝိညာဉ်နှင့်သမ္မာတရားအားဖြင့် ကိုးကွယ်ရမည်”ဟု မိန့်တော်မူ၏။
25. ထိုအမျိုးသမီးကလည်း “ခရစ်တော်ဟုခေါ်ဝေါ်သော မေရှိယကြွလာတော်မူမည်ကို ကျွန်မသိပါ၏။ ထိုအရှင်ကြွလာတော်မူသောအခါ ကျွန်မတို့အား အလုံးစုံတို့ကိုဖော်ပြတော်မူလိမ့်မည်”ဟု လျှောက်လျှင်
26. ယေရှုက “သင်နှင့်စကားပြောနေသောငါသည် ထိုအရှင်ပင်ဖြစ်၏”ဟု မိန့်တော်မူ၏။
27. ထိုအချိန်တွင် တပည့်တော်တို့သည်ပြန်လာ၍ အမျိုးသမီးတစ်ဦးနှင့် ယေရှုစကားပြောလျက်နေတော်မူသည်ကို အံ့သြကြ၏။ သို့သော် ‘မည်သည့်အလိုရှိတော်မူသနည်း’ဟူ၍လည်းကောင်း၊ ‘အဘယ်ကြောင့် ထိုအမျိုးသမီးနှင့် စကားပြောလျက်နေတော်မူသနည်း’ဟူ၍လည်းကောင်း မည်သူမျှ မမေးလျှောက်ကြချေ။
28. ထိုအမျိုးသမီးသည်လည်း မိမိ၏ရေအိုးကိုထားခဲ့၍ မြို့ထဲသို့သွားပြီးလျှင်
29. “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ကျွန်မအားထုတ်ဖော်ပြောဆိုသောသူကို လာကြည့်ကြပါ။ သူသည် ခရစ်တော်ဖြစ်လေမည်လော”ဟု လူတို့အားဆိုသဖြင့်
30. လူတို့သည် မြို့ထဲမှထွက်၍ ကိုယ်တော်ထံသို့လာကြ၏။
31. ထိုအချိန်အတောအတွင်း၌ တပည့်တော်တို့က “ရဗ္ဗိ၊ သုံးဆောင်တော်မူပါ”ဟု ကိုယ်တော်အားပန်ကြားကြ၏။
32. သို့သော် ကိုယ်တော်က “ငါ၌ သင်တို့မသိသောစားစရာရှိ၏”ဟု မိန့်တော်မူ၏။
33. ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သည် ကိုယ်တော်အား စားစရာကိုယူလာပေးပြီလော”ဟု အချင်းချင်းပြောဆိုကြ၏။
34. ယေရှုကလည်း “ငါ့ကိုစေလွှတ်တော်မူသောသူ၏အလိုတော်ကို ဆောင်ရွက်၍ သူ၏အမှုတော်ကိုပြီးမြောက်စေခြင်းသည် ငါ၏အစားအစာဖြစ်၏။
35. သင်တို့က ‘ရိတ်သိမ်းချိန်ရောက်ရန် လေးလလိုသေး၏’ဟု ဆိုကြသည်မဟုတ်လော။ ငါဆိုသည်ကား လယ်ပြင်တို့ကို မျှော်ကြည့်ကြလော့။ ရိတ်သိမ်းရန်အသင့်ရှိလျက် ဝင်းမှည့်နေပြီ။
36. မျိုးကြဲသောသူနှင့်ရိတ်သိမ်းသောသူသည် အတူတကွဝမ်းမြောက်ကြမည့်အကြောင်း ရိတ်သိမ်းသောသူသည် ဆုလာဘ်ကိုရရှိလျက် ထာဝရအသက်အတွက် အသီးအနှံကိုစုသိမ်းနှင့်ပြီ။
37. ထို့ကြောင့် ‘တစ်ဦးက မျိုးကြဲလျက် အခြားတစ်ဦးက ရိတ်သိမ်း၏’ဟူသောဆိုရိုးစကားသည် ဤနေရာ၌ မှန်ကန်၏။
38. သင်တို့လုပ်အားမစိုက်ခဲ့သောအရာကို ရိတ်သိမ်းရန် သင်တို့အား ငါစေလွှတ်၏။ အခြားသောသူတို့သည် လုပ်အားစိုက်ခဲ့၍ သင်တို့သည် ထိုသူတို့၏အားစိုက်မှုရလဒ်၌ ပါဝင်ကြရ၏”ဟု မိန့်တော်မူ၏။
39. “ကျွန်မပြုခဲ့သမျှသောအရာတို့ကို ထိုသူထုတ်ဖော်ပြောဆိုခဲ့သည်”ဟု သက်သေခံသောရှမာရိအမျိုးသမီး၏စကားကြောင့် ထိုမြို့မှရှမာရိနယ်သားများစွာတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
40. သို့ဖြစ်၍ ရှမာရိနယ်သားတို့သည် ကိုယ်တော်ထံသို့ရောက်လာကြသောအခါ မိမိတို့ထံ၌ တည်းခိုတော်မူရန် ကိုယ်တော်အားတောင်းပန်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်တွင် နှစ်ရက်တည်းခိုတော်မူ၏။