Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:2-20 Myanmar Standard Bible (MSB)

2. (အ​မှန်​အား​ဖြင့် ယေ​ရှု​ကိုယ်​တိုင်​ဗတ္တိ​ဇံ​ပေး​တော်​မူ​သည်​မ​ဟုတ်​ဘဲ တ​ပည့်​တော်​တို့​က​သာ​ပေး​ခြင်း​ဖြစ်​၏။)

3. ကိုယ်​တော်​သည် ယု​ဒ​နယ်​မှ​ထွက်​ခွာ​၍ ဂါ​လိ​လဲ​နယ်​သို့ တစ်​ဖန်​ကြွ​တော်​မူ​၏။

4. ကိုယ်​တော်​သည် ရှ​မာ​ရိ​နယ်​ကို​ဖြတ်​သွား​ရ​သည်​ဖြစ်​၍

5. ယာ​ကုပ်​က မိ​မိ​၏​သား​ယော​သပ်​အား ပေး​ခဲ့​သည့်​မြေ​ကွက်​အ​နီး​ရှိ ရှု​ခါ​ဟု​ခေါ်​သော ရှ​မာ​ရိ​နယ်​မှ မြို့​တစ်​မြို့​သို့​ရောက်​တော်​မူ​၏။

6. ထို​အ​ရပ်​၌ ယာ​ကုပ်​၏​ရေ​တွင်း​ရှိ​လေ​ရာ ယေ​ရှု​သည် ခ​ရီး​ပန်း​သ​ဖြင့် ထို​ရေ​တွင်း​နား​မှာ​ထိုင်​နေ​တော်​မူ​၏။ အ​ချိန်​ကား မွန်း​တည့်​ချိန်​ခန့်​ဖြစ်​၏။

7. ရှ​မာ​ရိ​အ​မျိုး​သ​မီး​တစ်​ဦး​သည် ရေ​ခပ်​ရန်​ရောက်​ရှိ​လာ​ရာ ယေ​ရှု​က “ငါ​သောက်​ဖို့​ရေ​ပေး​ပါ”​ဟု ထို​အ​မျိုး​သ​မီး​အား မိန့်​တော်​မူ​၏။

8. တ​ပည့်​တော်​တို့​ကား အ​စား​အ​စာ​ဝယ်​ရန် မြို့​ထဲ​သို့​သွား​နေ​ခိုက်​ဖြစ်​၏။

9. ထို​ရှ​မာ​ရိ​အ​မျိုး​သ​မီး​က​လည်း “သင်​သည် ဂျူး​လူ​မျိုး​ဖြစ်​လျက်​နှင့် ရှ​မာ​ရိ​အ​မျိုး​သ​မီး​ဖြစ်​သော​ကျွန်​မ​ထံ​မှ သောက်​ရေ​ကို အ​ဘယ်​ကြောင့်​တောင်း​ရ​သ​နည်း”​ဟု ဆို​၏။ [ထို​သို့​ဆို​သည့်​အ​ကြောင်း​မှာ ဂျူး​လူ​မျိုး​တို့​သည် ရှ​မာ​ရိ​နယ်​သား​တို့​နှင့် ပေါင်း​သင်း​ဆက်​ဆံ​လေ့​မ​ရှိ​သော​ကြောင့်​ဖြစ်​၏။]

10. ယေ​ရှု​က​လည်း “ဘု​ရား​သ​ခင်​၏​ကောင်း​ချီး​လက်​ဆောင်​ကို​လည်း​ကောင်း၊ ငါ​သောက်​ဖို့​ရေ​ပေး​ပါ​ဟု ပြော​ဆို​နေ​သူ​မှာ မည်​သူ​ဖြစ်​သည်​ကို​လည်း​ကောင်း သင်​သိ​ခဲ့​လျှင် သင်​က​သာ သူ့​ကို​တောင်း​၍ သူ​သည် သင့်​အား အ​သက်​ရေ​ကို​ပေး​ခဲ့​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

11. ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ အ​ရှင့်​မှာ​ရေ​ခပ်​စ​ရာ​တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ။ ဤ​ရေ​တွင်း​လည်း​နက်​သည်​ဖြစ်​၍ ထို​အ​သက်​ရေ​ကို အ​ဘယ်​က​ရ​ပါ​မည်​နည်း။

12. အ​ရှင်​သည် ကျွန်​မ​တို့​၏​အ​ဖ ယာ​ကုပ်​ထက် ကြီး​မြတ်​ပါ​သ​လော။ ယာ​ကုပ်​သည် ဤ​ရေ​တွင်း​ကို ကျွန်​မ​တို့​အား​ပေး​ခဲ့​ပြီး သူ​ကိုယ်​တိုင်​မှ​စ​၍ သူ​၏​သား​သ​မီး​များ​နှင့် သူ​မွေး​မြူ​သော​တိ​ရစ္ဆာန်​များ​သည်​လည်း ဤ​တွင်း​ရေ​ကို သောက်​ခဲ့​ကြ​ပါ​သည်”​ဟု လျှောက်​လေ​၏။

13. ယေ​ရှု​က​လည်း “ဤ​ရေ​ကို​သောက်​သော​သူ​တိုင်း နောက်​တစ်​ဖန်​ရေ​ငတ်​ဦး​မည်။

14. ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ ရေ​ငတ်​မည်​မ​ဟုတ်။ ထို​ထက်​မ​က ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာ​ဝ​ရ​အ​သက်​တိုင်​အောင် ရေ​ပန်း​ထွက်​ရာ စမ်း​ရေ​ပေါက်​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

15. ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ ကျွန်​မ​သည် ရေ​မ​ငတ်​စေ​ရန်​နှင့် ဤ​နေ​ရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်​မ​အား​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လျှင်

16. ယေ​ရှု​က “သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေ​ရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

17. ထို​အ​မျိုး​သ​မီး​က​လည်း “ကျွန်​မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေ​ရှု​က “ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။

18. အ​ဘယ်​ကြောင့်​ဆို​သော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယ​ခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သော​ကြောင့် သင်​ပြော​သော​စ​ကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

19. ထို​အ​မျိုး​သ​မီး​က​လည်း “အ​ရှင်၊ အ​ရှင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို ကျွန်​မ​ရိပ်​မိ​ပါ​၏။

20. ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်​၌ ဝတ်​ပြု​ကိုး​ကွယ်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​တို့​က​မူ ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​နေ​ရာ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သည်​ဟူ​၍ ပြော​ဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။