Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 4:14-28 Myanmar Standard Bible (MSB)

14. ငါ​ပေး​မည့်​ရေ​ကို​သောက်​သော​သူ​မူ​ကား ကာ​လ​အ​စဉ်​အ​ဆက် မည်​သည့်​အ​ခါ​မျှ ရေ​ငတ်​မည်​မ​ဟုတ်။ ထို​ထက်​မ​က ငါ​ပေး​မည့်​ရေ​သည် ထို​သူ​၌ ထာ​ဝ​ရ​အ​သက်​တိုင်​အောင် ရေ​ပန်း​ထွက်​ရာ စမ်း​ရေ​ပေါက်​ဖြစ်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

15. ထို​အ​မျိုး​သ​မီး​က “အ​ရှင်၊ ကျွန်​မ​သည် ရေ​မ​ငတ်​စေ​ရန်​နှင့် ဤ​နေ​ရာ​သို့​လာ​၍ ရေ​မ​ခပ်​ရ​လေ​အောင် ထို​ရေ​ကို ကျွန်​မ​အား​ပေး​တော်​မူ​ပါ”​ဟု လျှောက်​လျှင်

16. ယေ​ရှု​က “သွား​၍ သင်​၏​ယောက်ျား​ကို​ခေါ်​ပြီး ဤ​နေ​ရာ​သို့​လာ​ခဲ့​လော့”​ဟု မိန့်​တော်​မူ​၏။

17. ထို​အ​မျိုး​သ​မီး​က​လည်း “ကျွန်​မ​မှာ ယောက်ျား​မ​ရှိ​ပါ”​ဟု ပြန်​လျှောက်​လေ​၏။ ယေ​ရှု​က “ယောက်ျား​မ​ရှိ​ဟု သင်​ပြော​သည်​မှာ မှန်​ပေ​၏။

18. အ​ဘယ်​ကြောင့်​ဆို​သော် သင်​၌ ယောက်ျား​ငါး​ယောက်​ရှိ​ခဲ့​လေ​ပြီ။ ယ​ခု သင်​ပေါင်း​နေ​သော​သူ​သည်​လည်း သင်​၏​ယောက်ျား​မ​ဟုတ်​သော​ကြောင့် သင်​ပြော​သော​စ​ကား​သည် မှန်​ပေ​၏”​ဟု မိန့်​တော်​မူ​၏။

19. ထို​အ​မျိုး​သ​မီး​က​လည်း “အ​ရှင်၊ အ​ရှင်​သည် ပ​ရော​ဖက်​ဖြစ်​သည်​ကို ကျွန်​မ​ရိပ်​မိ​ပါ​၏။

20. ကျွန်​မ​တို့​၏​ဘိုး​ဘေး​များ​သည် ဤ​တောင်​ပေါ်​၌ ဝတ်​ပြု​ကိုး​ကွယ်​ခဲ့​ကြ​ပါ​၏။ အ​ရှင်​တို့​က​မူ ဝတ်​ပြု​ကိုး​ကွယ်​ရ​မည့်​နေ​ရာ​သည် ဂျေ​ရု​ဆ​လင်​မြို့​၌​ရှိ​သည်​ဟူ​၍ ပြော​ဆို​ကြ​ပါ​၏”​ဟု လျှောက်​လေ​၏။

21. ယေ​ရှု​က “အ​သင်​မိန်း​မ၊ ငါ့​စ​ကား​ကို​ယုံ​လော့။ သင်​တို့​သည် ဤ​တောင်​ပေါ်​၌​လည်း​မ​ဟုတ်၊ ဂျေ​ရု​ဆ​လင်​မြို့​၌​လည်း​မ​ဟုတ်​သည့်​အ​ရပ်​တွင် ခ​မည်း​တော်​ကို ကိုး​ကွယ်​မည့်​အ​ချိန်​ကာ​လ​ရောက်​လာ​လိမ့်​မည်။

22. ကယ်​တင်​ခြင်း​သည် ဂျူး​လူ​မျိုး​တို့​ထဲ​မှ​ဖြစ်​ပေါ်​လာ​သည်​ဖြစ်​၍ ငါ​တို့​သည် ကိုယ်​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ​၏။ သင်​တို့​သည် ကိုယ်​မ​သိ​သော​အ​ရာ​ကို ကိုး​ကွယ်​ကြ​၏။

23. သို့​သော် စစ်​မှန်​သော​ကိုး​ကွယ်​သူ​တို့​သည် ဝိ​ညာဉ်​နှင့်​သမ္မာ​တ​ရား​အား​ဖြင့် ခ​မည်း​တော်​ကို ကိုး​ကွယ်​မည့်​အ​ချိန်​ရောက်​လာ​မည်​ဖြစ်​ရာ ယ​ခု​ပင်​ရောက်​လာ​လေ​ပြီ။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် ထို​သို့​ကိုး​ကွယ်​သော​သူ​တို့​ကို အ​လို​ရှိ​တော်​မူ​၏။

24. ဘု​ရား​သ​ခင်​သည် ဝိ​ညာဉ်​ဖြစ်​တော်​မူ​၍ ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ်​သော​သူ​တို့​သည် ဝိ​ညာဉ်​နှင့်​သမ္မာ​တ​ရား​အား​ဖြင့် ကိုး​ကွယ်​ရ​မည်”​ဟု မိန့်​တော်​မူ​၏။

25. ထို​အ​မျိုး​သ​မီး​က​လည်း “ခ​ရစ်​တော်​ဟု​ခေါ်​ဝေါ်​သော မေ​ရှိ​ယ​ကြွ​လာ​တော်​မူ​မည်​ကို ကျွန်​မ​သိ​ပါ​၏။ ထို​အ​ရှင်​ကြွ​လာ​တော်​မူ​သော​အ​ခါ ကျွန်​မ​တို့​အား အ​လုံး​စုံ​တို့​ကို​ဖော်​ပြ​တော်​မူ​လိမ့်​မည်”​ဟု လျှောက်​လျှင်

26. ယေ​ရှု​က “သင်​နှင့်​စ​ကား​ပြော​နေ​သော​ငါ​သည် ထို​အ​ရှင်​ပင်​ဖြစ်​၏”​ဟု မိန့်​တော်​မူ​၏။

27. ထို​အ​ချိန်​တွင် တ​ပည့်​တော်​တို့​သည်​ပြန်​လာ​၍ အ​မျိုး​သ​မီး​တစ်​ဦး​နှင့် ယေ​ရှု​စ​ကား​ပြော​လျက်​နေ​တော်​မူ​သည်​ကို အံ့​သြ​ကြ​၏။ သို့​သော် ‘မည်​သည့်​အ​လို​ရှိ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း၊ ‘အ​ဘယ်​ကြောင့် ထို​အ​မျိုး​သ​မီး​နှင့် စ​ကား​ပြော​လျက်​နေ​တော်​မူ​သ​နည်း’​ဟူ​၍​လည်း​ကောင်း မည်​သူ​မျှ မ​မေး​လျှောက်​ကြ​ချေ။

28. ထို​အ​မျိုး​သ​မီး​သည်​လည်း မိ​မိ​၏​ရေ​အိုး​ကို​ထား​ခဲ့​၍ မြို့​ထဲ​သို့​သွား​ပြီး​လျှင်