18. သားတော်ကိုယုံကြည်သောသူသည် ပြစ်ဒဏ်စီရင်ခြင်းကိုမခံရ။ မယုံကြည်သောသူမူကား ဘုရားသခင်၏တစ်ပါးတည်းသောသားတော်၏နာမတော်ကို မယုံကြည်သောကြောင့် ပြစ်ဒဏ်စီရင်ခြင်းကိုခံရပြီဖြစ်၏။
19. စီရင်ဆုံးဖြတ်ချက်ကား ဤသို့ဖြစ်၏။ အလင်းသည် ဤလောကသို့ရောက်ရှိပြီဖြစ်သော်လည်း လူတို့သည် မိမိတို့ပြုသောအမှုများမကောင်းသောကြောင့် အလင်းထက် အမှောင်ကို ပို၍နှစ်သက်ကြ၏။
20. ဆိုးညစ်သောအမှုများကို ပြုကျင့်သောသူတိုင်း အလင်းကိုမုန်းလျက် မိမိပြုသောအမှုများ ဖော်ပြခြင်းခံရမည်ကိုစိုးရိမ်သဖြင့် အလင်းထံသို့မချဉ်းကပ်ကြ။
21. သမ္မာတရားကိုကျင့်သုံးသောသူမူကား မိမိပြုသောအမှုများသည် ဘုရားသခင်အားဖြင့်ပြုခြင်းဖြစ်ကြောင်း ထင်ရှားစေရန် အလင်းထံသို့ချဉ်းကပ်၏”ဟု ပြန်၍မိန့်တော်မူ၏။
22. ထို့နောက် ယေရှုသည် တပည့်တော်တို့နှင့်တကွ ယုဒနယ်သို့ကြွတော်မူပြီး ထိုအရပ်၌ သူတို့နှင့်အတူနေလျက် ဗတ္တိဇံပေးတော်မူ၏။
23. ယောဟန်သည်လည်း ရှာလိမ်မြို့အနီး အဲနုန်အရပ်တွင် ရေများစွာရှိသောကြောင့် ထိုအရပ်၌ ဗတ္တိဇံပေးလျက်နေသဖြင့် လူတို့သည်လာ၍ ဗတ္တိဇံခံကြ၏။
24. (ယောဟန်သည် ထောင်ထဲ၌ ထည့်ထားခြင်းမခံရသေးသောကြောင့်ဖြစ်၏။)
25. ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းဝတ်နှင့်ပတ်သက်၍ ဂျူးလူမျိုးတစ်ဦးနှင့်ငြင်းခုံဆွေးနွေးကြ၏။
26. သူတို့သည် ယောဟန်ထံသို့လာ၍ “ရဗ္ဗိ၊ ကြည့်ပါ။ ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၌ ရဗ္ဗိနှင့်အတူရှိ၍ ရဗ္ဗိက သက်သေခံပေးခဲ့သူသည် ဗတ္တိဇံပေးလျက်နေသဖြင့် လူအပေါင်းတို့သည် သူ့ထံသို့သွားကြပါသည်”ဟု လျှောက်လေ၏။
27. ယောဟန်က “ကောင်းကင်မှပေးတော်မမူလျှင် လူသည် မည်သည့်အရာကိုမျှမရနိုင်။
28. ‘ငါသည် ခရစ်တော်မဟုတ်။ သူ့ရှေ့၌စေလွှတ်ခြင်းခံရသူသာဖြစ်သည်’ဟု ငါပြောခဲ့ကြောင်း သင်တို့ကိုယ်တိုင် ငါ၏သက်သေများဖြစ်ကြ၏။
29. သတို့သမီးကိုရသောသူသည် သတို့သားဖြစ်၏။ သတို့သား၏အသံကို ရပ်လျက်နားထောင်နေသော သတို့သား၏မိတ်ဆွေမူကား သတို့သား၏အသံကြောင့် ဝမ်းမြောက်ဝမ်းသာဖြစ်၏။ သို့ဖြစ်၍ ငါသည်လည်း ထိုဝမ်းမြောက်ခြင်းနှင့် ပြည့်ဝလျက်ရှိ၏။
30. ထိုအရှင်သည် တိုးပွားရမည်။ ငါမူကား ဆုတ်ယုတ်ရမည်”ဟု ပြန်ပြောလေ၏။
31. အထက်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။ မြေကြီးမှဖြစ်သောသူသည် မြေကြီးနှင့်ဆိုင်၍ မြေကြီးနှင့်ဆိုင်သောအရာကိုပြောဆိုတတ်၏။ ကောင်းကင်မှကြွလာသောအရှင်သည် အလုံးစုံတို့၏အထွတ်ဖြစ်၏။
32. ကိုယ်တော်သည် မိမိမြင်ခဲ့၊ ကြားခဲ့ရသောအရာကို သက်သေခံသော်လည်း ကိုယ်တော်၏သက်သေခံချက်ကို မည်သူမျှလက်မခံကြ။
33. ကိုယ်တော်၏သက်သေခံချက်ကို လက်ခံသောသူကား ဘုရားသခင်သည်ဖြောင့်မှန်တော်မူကြောင်း တံဆိပ်ခတ်နှိပ်၏။