1. ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
2. ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်
3. ရှိမုန်ပေတရုက “အကျွန်ုပ်ငါးသွားဖမ်းမည်”ဟု ဆို၏။ ထိုသူတို့က “အကျွန်ုပ်တို့လည်း သင်နှင့်အတူလိုက်မည်”ဟု ဆိုလျက် ထွက်သွား၍ လှေပေါ်သို့တက်ကြ၏။ သို့သော် ထိုညတွင် မည်သည့်အရာကိုမျှမရကြချေ။
4. မိုးလင်းချိန်ရောက်သောအခါ ယေရှုသည် ကမ်းစပ်တွင်ရပ်နေတော်မူ၏။ သို့ရာတွင် တပည့်တော်တို့သည် ယေရှုဖြစ်ကြောင်းကိုမသိကြ။
5. ထိုအခါ ယေရှုက “ချစ်သားတို့၊ သားငါးတစ်စုံတစ်ရာရှိသလော”ဟု သူတို့အားမေးတော်မူလျှင် သူတို့က “မရှိပါ”ဟု ပြန်ပြောကြ၏။
6. ကိုယ်တော်ကလည်း “လှေ၏ယာဘက်တွင် ပိုက်ကွန်ကိုပစ်ချကြလော့။ ထိုသို့ပြုလျှင် ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။ ထို့ကြောင့် သူတို့သည် ပိုက်ကွန်ကိုပစ်ချကြရာ ငါးများစွာမိသဖြင့် ပိုက်ကွန်ကိုဆွဲတင်၍မရနိုင်ကြတော့ပေ။
7. ထိုအခါ ယေရှုချစ်တော်မူသောတပည့်တော်က ပေတရုအား “သခင်ဘုရားပေတည်း”ဟု ဆိုလေ၏။ ရှိမုန်ပေတရုသည် သခင်ဘုရားဖြစ်ကြောင်း ကြားသောအခါ အဝတ်ချွတ်ထားသည်ဖြစ်၍ အပေါ်အဝတ်ကို ခါး၌စည်းပြီးလျှင် ပင်လယ်ထဲသို့ခုန်ဆင်းလေ၏။
8. အခြားတပည့်တော်တို့မူကား ကမ်းနှင့်မဝေးလှဘဲ ကိုက်တစ်ရာခန့်သာကွာသည့်နေရာ၌ရှိကြသောကြောင့် ငါးနှင့်ပြည့်နေသောပိုက်ကွန်ကိုဆွဲလျက် လှေငယ်ဖြင့်လာကြ၏။
9. ဤသို့ဖြင့် သူတို့သည် ကုန်းပေါ်သို့ရောက်ကြသောအခါ မီးခဲပုံနှင့် ထိုမီးခဲပုံပေါ်တင်ထားသောငါးကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း တွေ့ကြ၏။
10. ယေရှုက “ယခုဖမ်းမိသောငါးအချို့ကို ယူခဲ့ကြလော့”ဟု သူတို့အား မိန့်တော်မူသဖြင့်
11. ရှိမုန်ပေတရုသည် လှေပေါ်သို့တက်၍ ပိုက်ကွန်ကို ကုန်းပေါ်သို့ဆွဲတင်ရာ ငါးကြီးတစ်ရာငါးဆယ့်သုံးကောင်နှင့်ပြည့်လျက်ရှိ၏။ ထိုမျှလောက်များသော်လည်း ပိုက်ကွန်သည်မစုတ်ပြဲခဲ့ပေ။
12. ယေရှုက “လာ၍နံနက်စာကိုစားကြလော့”ဟု သူတို့အား မိန့်တော်မူ၏။ တပည့်တော်တို့သည် သခင်ဘုရားဖြစ်ကြောင်း သိကြသောကြောင့် မည်သူကမျှ “အရှင်သည်မည်သူနည်း”ဟု မမေးဝံ့ကြ။