7. ကိုယ်တော်၏ဦးခေါင်းတော်ကိုပတ်စည်းထားသောပဝါသည် ပိတ်ထည်များနှင့်အတူမရှိဘဲ တစ်နေရာတွင်သီးခြားလိပ်ထားသည်ကိုလည်းကောင်း မြင်လေ၏။
8. ထို့နောက် သင်္ချိုင်းတော်သို့ဦးစွာရောက်သော အခြားတပည့်တော်သည်လည်းဝင်လာ၍ မြင်သဖြင့် ယုံကြည်လေ၏။
9. (သူတို့သည် သေသောသူတို့ထဲမှ ကိုယ်တော်ထမြောက်ရမည်ဟူသောကျမ်းချက်ကို နားမလည်ကြသေး။)
10. ထို့နောက် ထိုတပည့်တော်တို့သည် မိမိတို့အိမ်သို့ ပြန်သွားကြ၏။
11. မာရိမူကား သင်္ချိုင်းဂူအပြင်၌ ငိုကြွေးလျက်ရပ်နေ၏။ ထိုသို့ငိုကြွေးရင်း ဂူအတွင်းသို့ငုံ့ကြည့်လိုက်ရာ
12. ဖြူသောအဝတ်ကိုဝတ်ဆင်သည့် ကောင်းကင်တမန်နှစ်ပါးသည် ယေရှုအလောင်းတော်လဲလျောင်းခဲ့ရာအရပ်၏ ခေါင်းရင်း၌တစ်ပါး၊ ခြေရင်း၌တစ်ပါး ထိုင်နေကြသည်ကို မြင်လေ၏။
13. ထိုကောင်းကင်တမန်တို့က “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း”ဟု မေးကြလျှင် မာရိက “ကျွန်မ၏သခင်ဘုရားကို သူတို့ယူသွားကြပြီ။ အဘယ်မှာထားကြသည်ကိုမသိပါ”ဟု ဆို၏။
14. ထိုသို့ဆိုပြီးမှ နောက်သို့လှည့်ကြည့်လိုက်ရာ ယေရှုရပ်လျက်နေတော်မူသည်ကို မြင်သော်လည်း ယေရှုဖြစ်ကြောင်းကိုမသိ။
15. ယေရှုကလည်း “အသင်မိန်းမ၊ အဘယ်ကြောင့်ငိုကြွေးနေသနည်း။ မည်သူ့ကိုရှာနေသနည်း”ဟု မေးတော်မူ၏။ မာရိသည် ကိုယ်တော်ကို ဥယျာဉ်စောင့်ဖြစ်သည်ဟုထင်မှတ်၍ “အရှင်၊ အရှင်သည် သူ့ကိုယူသွားခဲ့လျှင် အဘယ်မှာထားသည်ကို ကျွန်မအားပြောပါ။ သူ့ကိုကျွန်မယူသွားပါမည်”ဟု ဆိုလေ၏။
16. ယေရှုကလည်း “မာရိ”ဟုခေါ်တော်မူလျှင် မာရိသည်လှည့်၍ ဟေဗြဲဘာသာစကားအားဖြင့် “ရဗ္ဗုနိ”ဟုထူးလေ၏။ (ရဗ္ဗုနိအဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)