21. တစ်ဖန် ယေရှုက “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ။ ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူသကဲ့သို့ ငါသည်လည်း သင်တို့ကိုစေလွှတ်၏”ဟု မိန့်တော်မူ၏။
22. ထိုသို့မိန့်တော်မူပြီးနောက် သူတို့အပေါ်မှုတ်တော်မူလျက် “သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြလော့။
23. တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ခွင့်လွှတ်လျှင် ထိုသူသည် အပြစ်ခွင့်လွှတ်ခြင်းကိုခံရ၏။ တစ်စုံတစ်ဦး၏အပြစ်များကို သင်တို့ချည်နှောင်ထားလျှင် ထိုအပြစ်များသည် သူ၌ ချည်နှောင်ထားခြင်းခံရ၏”ဟု မိန့်တော်မူ၏။
24. တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်ပြီး ဒိဒုမုဟုခေါ်သည့် သောမကား ယေရှုကြွလာတော်မူသောအချိန်တွင် သူတို့နှင့်အတူမရှိခဲ့ချေ။
25. သို့ဖြစ်၍ အခြားသောတပည့်တော်တို့က သောမအား “ငါတို့သည် သခင်ဘုရားကိုမြင်ရပြီ”ဟု ဆိုကြ၏။ သို့သော် သောမက “ငါသည် လက်တော်တို့၌ သံရိုက်ရာကိုမမြင်၊ ထိုသံရိုက်ရာထဲသို့ ငါ့လက်ညှိုးကိုမထိုးမသွင်း၊ နံဘေးတော်ထဲသို့လည်း ငါ့လက်ကိုမထိုးမသွင်းရလျှင် မည်သည့်အခါမျှယုံမည်မဟုတ်”ဟု ဆိုလေ၏။
26. ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင် “သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
27. ထို့နောက် သောမအား “သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့”ဟု မိန့်တော်မူ၏။
28. ထိုအခါ သောမက “အကျွန်ုပ်၏အရှင်၊ အကျွန်ုပ်၏ဘုရားသခင်”ဟု ပြန်လျှောက်လေ၏။
29. ယေရှုကလည်း “သင်သည် ငါ့ကိုမြင်ရသောကြောင့် ယုံကြည်ပြီတကား။ မမြင်ဘဲလျက် ယုံကြည်သောသူတို့သည် မင်္ဂလာရှိကြ၏”ဟု မိန့်တော်မူ၏။
30. ယေရှုသည် ဤကျမ်း၌ရေး၍မထားသော အခြားနိမိတ်လက္ခဏာများစွာတို့ကိုလည်း တပည့်တော်တို့ရှေ့မှောက်တွင် ပြုတော်မူ၏။
31. သို့သော် ယေရှုသည် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို သင်တို့ယုံကြည်ကြရန်နှင့် ထိုသို့ယုံကြည်ခြင်းအားဖြင့် ကိုယ်တော်၏နာမတော်၌ အသက်ကိုရရှိကြရန် ဤအရာများကိုရေးထားခြင်းဖြစ်၏။