7. ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
8. ပိလတ်မင်းသည် ထိုစကားကိုကြားရသောအခါ ပို၍ကြောက်လာသဖြင့်
9. ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။
10. သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။
11. ယေရှုက “အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။
12. ထိုအခါမှစ၍ ပိလတ်မင်းသည် ယေရှုကိုလွှတ်ပေးရန် ကြိုးစားရှာကြံ၏။ သို့ရာတွင် ဂျူးလူမျိုးတို့က “အရှင်သည် ထိုသူကိုလွှတ်ပေးလျှင် ဆီဇာဧကရာဇ်၏ဘက်တော်သားမဟုတ်ပါ။ မိမိကိုယ်ကိုဘုရင်ဖြစ်သည်ဟု ကြေညာသောသူအားလုံးသည် ဆီဇာဧကရာဇ်ကိုဆန့်ကျင်ပြောဆိုသောသူဖြစ်ပါသည်”ဟု အော်ဟစ်ကြ၏။
13. ပိလတ်မင်းသည် ထိုစကားတို့ကိုကြားသောအခါ ယေရှုကို အပြင်သို့ခေါ်ဆောင်လာ၍ ဟေဗြဲဘာသာစကားအားဖြင့် ဂဗ္ဗသအမည်ရှိသည့် ကျောက်ခင်းစင်္ကြံဟုခေါ်ဝေါ်သောနေရာမှ တရားပလ္လင်ပေါ်တွင် ထိုင်လေ၏။
14. ထိုနေ့သည် ပသခါပွဲတော်အတွက် ပြင်ဆင်ရာနေ့ဖြစ်၏။ အချိန်ကား မွန်းတည့်ချိန်ခန့်ရှိ၏။ ပိလတ်မင်းသည် ဂျူးလူမျိုးတို့အား “ကြည့်ပါ။ သင်တို့၏ဘုရင်ပေတည်း”ဟု ဆိုလေ၏။
15. ထိုအခါ သူတို့က “သုတ်သင်လိုက်ပါ၊ သုတ်သင်လိုက်ပါ၊ သူ့ကိုလက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “သင်တို့၏ဘုရင်ကို လက်ဝါးကပ်တိုင်ပေါ်၌ ငါတင်ရမည်လော”ဟု မေးလျှင် ယဇ်ပုရောဟိတ်အကြီးအကဲတို့က “အကျွန်ုပ်တို့တွင် ဆီဇာဧကရာဇ်မှလွဲ၍ အခြားဘုရင်မရှိပါ”ဟု ပြန်လျှောက်ကြ၏။
16. ထိုအခါ ပိလတ်မင်းသည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်စေရန် သူတို့လက်သို့အပ်လိုက်သဖြင့် သူတို့သည် ကိုယ်တော်ကိုခေါ်ဆောင်သွားကြ၏။
17. ကိုယ်တော်သည် လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းလျက် ဦးခေါင်းခွံအရပ်ဟုခေါ်သောနေရာသို့ ထွက်သွားတော်မူ၏။ (ထိုအရပ်ကို ဟေဗြဲဘာသာစကားအားဖြင့် ဂေါလဂေါသဟုခေါ်သည်။)
18. သူတို့သည် ထိုအရပ်၌ ကိုယ်တော်ကို အခြားသောသူနှစ်ဦးတို့နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြ၏။ ယေရှုကိုအလယ်၌ထား၍ ထိုသူနှစ်ဦးတို့ကို ကိုယ်တော်၏တစ်ဖက်တစ်ချက်စီ၌ထားကြ၏။
19. ပိလတ်မင်းသည် ကမ္ပည်းကိုလည်း ရေးထိုး၍ လက်ဝါးကပ်တိုင်ပေါ်မှာတပ်ထား၏။ ထိုကမ္ပည်းတွင် “ဂျူးလူမျိုးတို့၏ဘုရင်၊ နာဇရက်မြို့သားယေရှု”ဟု ရေးထား၏။
20. ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြသောအရပ်သည် မြို့နှင့်နီးသည့်အပြင် ထိုကမ္ပည်းကို ဟေဗြဲဘာသာ၊ လက်တင်ဘာသာနှင့် ဂရိဘာသာတို့ဖြင့် ရေးထားသည်ဖြစ်၍ များစွာသောဂျူးလူမျိုးတို့သည် ၎င်းကိုဖတ်ကြ၏။
21. ထို့ကြောင့် ဂျူးလူမျိုးတို့၏ယဇ်ပုရောဟိတ်အကြီးအကဲများသည် ပိလတ်မင်းအား “ဂျူးလူမျိုးတို့၏ဘုရင်ဟု မရေးဘဲ ဤသူက ငါသည် ဂျူးလူမျိုးတို့၏ဘုရင်ဖြစ်သည်ဟုဆိုခဲ့၏ဟူ၍ ရေးပေးပါ”ဟု လျှောက်ကြ၏။
22. ပိလတ်မင်းက “ငါရေးပြီးသည့်အတိုင်း ငါရေးပြီ”ဟု ပြန်ပြောလေ၏။
23. စစ်သားတို့သည် ယေရှုကို လက်ဝါးကပ်တိုင်ပေါ်၌တင်ကြပြီးသောအခါ ကိုယ်တော်၏ဝတ်ရုံတော်ကို လေးပိုင်းပိုင်း၍ တစ်ယောက်တစ်ပိုင်းစီယူကြ၏။ အတွင်းအဝတ်တော်ကိုလည်းယူကြရာ ၎င်းသည် ချုပ်ရိုးမရှိဘဲ အထက်စွန်းမှ တစ်ထည်လုံးကို တစ်ဆက်တည်းရက်ထားသည့် အဝတ်ဖြစ်သောကြောင့်
24. “ဤအဝတ်ကိုမဆုတ်ဘဲ မည်သူရမည်ကို မဲချကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ စစ်သားတို့ ဤသို့ပြုကြခြင်းမှာ “သူတို့သည် အကျွန်ုပ်၏ဝတ်ရုံကို အချင်းချင်းခွဲဝေကြ၍ အကျွန်ုပ်၏အဝတ်အတွက် မဲချကြ၏”ဟု ကျမ်းစာ၌ဆိုထားသောအရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
25. ယေရှု၏လက်ဝါးကပ်တိုင်တော်အနီး၌ကား ယေရှု၏မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမြို့သူမာရိတို့သည် ရပ်နေကြ၏။
26. ယေရှုသည် အနီး၌ရပ်နေသည့် ချစ်တော်မူသောတပည့်တော်နှင့် မယ်တော်ကို မြင်တော်မူလျှင် မယ်တော်အား “အသင်အမျိုးသမီး၊ ကြည့်လော့။ သင်၏သားပေတည်း”ဟု မိန့်တော်မူ၏။
27. ထို့နောက် ထိုတပည့်တော်အား “ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။