5. ထိုအခါ ယေရှုသည် ဆူးသရဖူနှင့်ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အပြင်သို့ထွက်လာ၏။ ပိလတ်မင်းကလည်း “ကြည့်ပါ။ ဤသူပင်တည်း”ဟု ဆို၏။
6. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် အစောင့်တပ်သားတို့သည် ကိုယ်တော်ကိုမြင်သောအခါ “လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ၊ လက်ဝါးကပ်တိုင်ပေါ်၌တင်လိုက်ပါ”ဟု အော်ဟစ်ကြ၏။ ပိလတ်မင်းက “ငါသည် ဤသူ၌ မည်သည့်ပြစ်မှုကိုမျှ မတွေ့သောကြောင့် သင်တို့ကိုယ်တိုင် သူ့ကိုခေါ်သွား၍ လက်ဝါးကပ်တိုင်ပေါ်၌တင်ကြလော့”ဟု ဆိုလေ၏။
7. ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
8. ပိလတ်မင်းသည် ထိုစကားကိုကြားရသောအခါ ပို၍ကြောက်လာသဖြင့်
9. ရုံးတော်ထဲသို့ပြန်ဝင်ကာ ယေရှုအား “သင်သည် မည်သည့်အရပ်မှလာသနည်း”ဟု မေးလေ၏။ သို့သော် ယေရှုသည် တစ်ခွန်းမျှ ဖြေကြားတော်မမူ။
10. သို့ဖြစ်၍ ပိလတ်မင်းက “သင်သည် ငါ့ကိုစကားမပြောဘဲနေသလော။ ငါ၌ သင့်ကို လွှတ်ပေးနိုင်သောအခွင့်အာဏာရှိ၍ လက်ဝါးကပ်တိုင်ပေါ်၌တင်နိုင်သော အခွင့်အာဏာလည်းရှိသည်ကို သင်မသိသလော”ဟု ဆို၏။
11. ယေရှုက “အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။