33. ထို့ကြောင့် ပိလတ်မင်းသည် ရုံးတော်ထဲသို့ ပြန်ဝင်၍ ယေရှုကိုခေါ်ပြီးလျှင် “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု မေးလေ၏။
34. ယေရှုက “သင်သည် ကိုယ့်ဆန္ဒအလျောက် ဤသို့မေးသလော။ သို့မဟုတ် အခြားသောသူတို့သည် သင့်အား ငါ့အကြောင်းကို ပြောကြသလော”ဟု ပြန်၍မေးတော်မူ၏။
35. ပိလတ်မင်းက “ငါသည် ဂျူးလူမျိုးဖြစ်သလော။ သင်၏အမျိုးသားချင်းနှင့် ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သင့်ကို ငါ့ထံအပ်နှံကြပြီ။ သင်မည်သည့်အရာကိုပြုမိသနည်း”ဟု မေးလေ၏။
36. ယေရှုက “ငါ့နိုင်ငံသည် ဤလောကနှင့်မစပ်ဆိုင်။ ငါ့နိုင်ငံသည် ဤလောကနှင့်စပ်ဆိုင်ခဲ့လျှင် ငါသည် ဂျူးလူမျိုးတို့လက်သို့ အပ်နှံခြင်းမခံရရန် ငါ့လူတို့သည် တိုက်ခိုက်ခဲ့ကြပေလိမ့်မည်။ သို့သော် အမှန်အားဖြင့် ငါ့နိုင်ငံသည် ဤနေရာမှဖြစ်တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
37. ထို့ကြောင့် ပိလတ်မင်းက “သို့ဖြစ်လျှင် သင်သည် ဘုရင်ပေလော”ဟု ဆိုလျှင် ယေရှုက “သင်ဆိုသည့်အတိုင်း ငါသည်ဘုရင်ပေတည်း။ ငါသည် သမ္မာတရားဘက်၌သက်သေခံရန် မွေးဖွားခြင်းကိုခံ၍ ထိုအတွက်ပင် ဤလောကသို့ကြွလာ၏။ သမ္မာတရားနှင့်စပ်ဆိုင်သောသူတိုင်း ငါ့အသံကိုနားထောင်၏”ဟု ပြန်၍မိန့်တော်မူ၏။
38. ပိလတ်မင်းက “သမ္မာတရားဆိုသည်မှာ အဘယ်နည်း”ဟု ဆိုပြီးလျှင် ဂျူးလူမျိုးတို့ရှိရာသို့ တစ်ဖန်ထွက်သွား၍ “ထိုသူ၌ မည်သည့်ပြစ်မှုကိုမျှ ငါမတွေ့။
39. သို့ရာတွင် ပသခါပွဲတော်၌ လူတစ်ဦးကို သင်တို့အတွက် ငါလွှတ်ပေးရမည့်ထုံးစံရှိသည်ဖြစ်၍ ဂျူးလူမျိုးတို့၏ဘုရင်ကို သင်တို့အတွက် လွှတ်ပေးစေလိုသလော”ဟု သူတို့အားမေးလေ၏။
40. ထိုအခါ သူတို့က “သူ့ကိုမလွှတ်ဘဲ ဗာရဗ္ဗကိုလွှတ်ပေးပါ”ဟု ပြန်၍အော်ဟစ်လျှောက်ထားကြ၏။ ဗာရဗ္ဗကား ဓားပြဖြစ်၏။