Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 18:29-39 Myanmar Standard Bible (MSB)

29. ထို့​ကြောင့် ပိ​လတ်​မင်း​သည် သူ​တို့​ရှိ​ရာ​အ​ပြင်​သို့ ထွက်​လာ​၍ “သင်​တို့​သည် ဤ​သူ​အ​ပေါ်​၌ မည်​သည့်​စွပ်​စွဲ​ချက်​ကို တင်​ကြ​သ​နည်း”​ဟု မေး​လေ​၏။

30. သူ​တို့​က​လည်း “ဤ​သူ​သည် အ​ပြစ်​ကျူး​လွန်​သူ​မ​ဟုတ်​လျှင် သူ့​ကို အ​ရှင့်​ထံ​သို့ အပ်​နှံ​ကြ​မည်​မ​ဟုတ်​ပါ”​ဟု ပြန်​၍​လျှောက်​ကြ​၏။

31. ထို​အ​ခါ ပိ​လတ်​မင်း​က “သင်​တို့​ကိုယ်​တိုင် သူ့​ကို​ခေါ်​သွား​၍ သင်​တို့​၏​ပ​ညတ်​တ​ရား​အ​တိုင်း စီ​ရင်​ကြ​ပါ”​ဟု ဆို​၏။ ဂျူး​လူ​မျိုး​တို့​က​လည်း “အ​ကျွန်ုပ်​တို့​၌ မည်​သူ့​ကို​မျှ ကွပ်​မျက်​ပိုင်​ခွင့်​မ​ရှိ​ပါ”​ဟု လျှောက်​ကြ​၏။

32. ဤ​သည်​ကား မိ​မိ​သည် မည်​သို့​သော​သေ​ခြင်း​မျိုး​ဖြင့် အ​သေ​ခံ​ရ​မည်​ကို အ​ရိပ်​အ​မြွက်​မိန့်​တော်​မူ​ခဲ့​သော ယေ​ရှု​၏​စ​ကား​ပြည့်​စုံ​စေ​မည့်​အ​ကြောင်း​တည်း။

33. ထို့​ကြောင့် ပိ​လတ်​မင်း​သည် ရုံး​တော်​ထဲ​သို့ ပြန်​ဝင်​၍ ယေ​ရှု​ကို​ခေါ်​ပြီး​လျှင် “သင်​သည် ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​လော”​ဟု မေး​လေ​၏။

34. ယေ​ရှု​က “သင်​သည် ကိုယ့်​ဆန္ဒ​အ​လျောက် ဤ​သို့​မေး​သ​လော။ သို့​မ​ဟုတ် အ​ခြား​သော​သူ​တို့​သည် သင့်​အား ငါ့​အ​ကြောင်း​ကို ပြော​ကြ​သ​လော”​ဟု ပြန်​၍​မေး​တော်​မူ​၏။

35. ပိ​လတ်​မင်း​က “ငါ​သည် ဂျူး​လူ​မျိုး​ဖြစ်​သ​လော။ သင်​၏​အ​မျိုး​သား​ချင်း​နှင့် ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​တို့​သည် သင့်​ကို ငါ့​ထံ​အပ်​နှံ​ကြ​ပြီ။ သင်​မည်​သည့်​အ​ရာ​ကို​ပြု​မိ​သ​နည်း”​ဟု မေး​လေ​၏။

36. ယေ​ရှု​က “ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​မ​စပ်​ဆိုင်။ ငါ့​နိုင်​ငံ​သည် ဤ​လော​က​နှင့်​စပ်​ဆိုင်​ခဲ့​လျှင် ငါ​သည် ဂျူး​လူ​မျိုး​တို့​လက်​သို့ အပ်​နှံ​ခြင်း​မ​ခံ​ရ​ရန် ငါ့​လူ​တို့​သည် တိုက်​ခိုက်​ခဲ့​ကြ​ပေ​လိမ့်​မည်။ သို့​သော် အ​မှန်​အား​ဖြင့် ငါ့​နိုင်​ငံ​သည် ဤ​နေ​ရာ​မှ​ဖြစ်​တည်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

37. ထို့​ကြောင့် ပိ​လတ်​မင်း​က “သို့​ဖြစ်​လျှင် သင်​သည် ဘု​ရင်​ပေ​လော”​ဟု ဆို​လျှင် ယေ​ရှု​က “သင်​ဆို​သည့်​အ​တိုင်း ငါ​သည်​ဘု​ရင်​ပေ​တည်း။ ငါ​သည် သမ္မာ​တ​ရား​ဘက်​၌​သက်​သေ​ခံ​ရန် မွေး​ဖွား​ခြင်း​ကို​ခံ​၍ ထို​အ​တွက်​ပင် ဤ​လော​က​သို့​ကြွ​လာ​၏။ သမ္မာ​တ​ရား​နှင့်​စပ်​ဆိုင်​သော​သူ​တိုင်း ငါ့​အ​သံ​ကို​နား​ထောင်​၏”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

38. ပိ​လတ်​မင်း​က “သမ္မာ​တ​ရား​ဆို​သည်​မှာ အ​ဘယ်​နည်း”​ဟု ဆို​ပြီး​လျှင် ဂျူး​လူ​မျိုး​တို့​ရှိ​ရာ​သို့ တစ်​ဖန်​ထွက်​သွား​၍ “ထို​သူ​၌ မည်​သည့်​ပြစ်​မှု​ကို​မျှ ငါ​မ​တွေ့။

39. သို့​ရာ​တွင် ပ​သ​ခါ​ပွဲ​တော်​၌ လူ​တစ်​ဦး​ကို သင်​တို့​အ​တွက် ငါ​လွှတ်​ပေး​ရ​မည့်​ထုံး​စံ​ရှိ​သည်​ဖြစ်​၍ ဂျူး​လူ​မျိုး​တို့​၏​ဘု​ရင်​ကို သင်​တို့​အ​တွက် လွှတ်​ပေး​စေ​လို​သ​လော”​ဟု သူ​တို့​အား​မေး​လေ​၏။