2. ယေရှုသည် ထိုအရပ်တွင် တပည့်တော်တို့နှင့် မကြာခဏစုဝေးလေ့ရှိသောကြောင့် ကိုယ်တော်ကိုအပ်နှံမည့်သူ ယုဒသည်လည်း ထိုအရပ်ကိုသိထား၏။
3. သို့ဖြစ်၍ ယုဒသည် တပ်ဖွဲ့တစ်ဖွဲ့ကိုလည်းကောင်း၊ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့က စေလွှတ်လိုက်သောအစောင့်တပ်သားများကိုလည်းကောင်း ခေါ်ဆောင်၍ ထိုအရပ်သို့ရောက်လာ၏။ ထိုသူတို့သည် မီးအိမ်၊ မီးရှူးနှင့် လက်နက်များကိုကိုင်ဆောင်ထားကြ၏။
4. ယေရှုသည် မိမိ၌ဖြစ်လာမည့်အရာအလုံးစုံတို့ကို သိနှင့်တော်မူသောကြောင့် ထွက်လာ၍ “မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင်
5. သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ပြန်ပြောကြ၏။ ကိုယ်တော်ကလည်း “ငါဖြစ်သည်”ဟု မိန့်တော်မူ၏။ ကိုယ်တော်ကိုအပ်နှံသူ ယုဒသည်လည်း ထိုသူတို့နှင့်အတူရပ်လျက်နေ၏။
6. ထိုသို့ ကိုယ်တော်က “ငါဖြစ်သည်”ဟု မိန့်တော်မူသောအခါ သူတို့သည် နောက်သို့ဆုတ်၍ မြေပေါ်၌လဲကျကြ၏။
7. ထို့ကြောင့် ကိုယ်တော်သည် နောက်တစ်ဖန် သူတို့အား “မည်သူ့ကိုရှာကြသနည်း”ဟု မေးတော်မူလျှင် သူတို့က “နာဇရက်မြို့သားယေရှုကိုရှာသည်”ဟု ဆိုကြ၏။
8. ယေရှုကလည်း “ငါဖြစ်သည်ဟု သင်တို့အား ငါပြောခဲ့ပြီ။ သို့ဖြစ်၍ သင်တို့သည် ငါ့ကိုရှာကြလျှင် ဤသူတို့သွားပါလေစေ”ဟု ပြန်၍မိန့်တော်မူ၏။
9. ထိုသို့မိန့်တော်မူသည်မှာ “အကျွန်ုပ်ထံ ကိုယ်တော်ပေးအပ်တော်မူသောသူတို့တွင် မည်သူမျှ အကျွန်ုပ်မဆုံးရှုံးခဲ့ပါ”ဟု ကိုယ်တော်မြွက်ဆိုခဲ့သောစကား ပြည့်စုံစေရန်ဖြစ်၏။
10. ထိုစဉ်တွင် ရှိမုန်ပေတရုသည် ပါလာသောဓားကိုဆွဲထုတ်၍ ယဇ်ပုရောဟိတ်မင်း၏အစေအပါးတစ်ဦးကိုခုတ်သဖြင့် ယာဘက်နားရွက်ပြတ်သွားလေ၏။ ထိုအစေအပါး၏အမည်ကား မာလခုဖြစ်၏။
11. ယေရှုကလည်း “ဓားကို ဓားအိမ်ထဲသို့ပြန်သွင်းလော့။ ငါ့အား ခမည်းတော်ပေးတော်မူသောခွက်ကို ငါမသောက်ဘဲနေရမည်လော”ဟု ပေတရုအား မိန့်တော်မူ၏။
12. ထိုအခါ တပ်ဖွဲ့တစ်ဖွဲ့၊ တပ်မှူးကြီးနှင့် ဂျူးလူမျိုးအစောင့်တပ်သားတို့သည် ယေရှုကိုဖမ်းဆီး၍ ချည်နှောင်ကြကာ
13. အန္နတ်ထံသို့ ဦးစွာခေါ်ဆောင်သွားကြ၏။ အကြောင်းမူကား အန္နတ်သည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖ၏ယောက္ခမဖြစ်၏။
14. ထိုကယာဖသည် “လူတစ်ဦးက လူထုကိုယ်စားအသေခံခြင်းသည် ပို၍ကောင်း၏”ဟု ဂျူးလူမျိုးတို့အား အကြံပေးခဲ့သူဖြစ်၏။
15. ရှိမုန်ပေတရုနှင့် အခြားတပည့်တော်တစ်ပါးသည် ယေရှုနောက်တော်သို့ လိုက်သွားကြ၏။ ထိုတပည့်တော်သည် ယဇ်ပုရောဟိတ်မင်း၏အသိဖြစ်၍ ယေရှုနှင့်အတူ ယဇ်ပုရောဟိတ်မင်း၏ခြံဝင်းထဲသို့ ဝင်လေ၏။