20. သူတို့အတွက်သာမကဘဲ သူတို့ဟောပြောသောသတင်းစကားအားဖြင့် အကျွန်ုပ်ကိုယုံကြည်လာသောသူများအတွက်လည်း အကျွန်ုပ်တောင်းလျှောက်ပါ၏။
21. အို အဖ၊ ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် ကိုယ်တော်၌ရှိသကဲ့သို့ ထိုသူအပေါင်းတို့သည် တစ်လုံးတစ်ဝတည်းဖြစ်ကြလျက် သူတို့သည်လည်း အကျွန်ုပ်တို့၌ရှိကြမည့်အကြောင်း တောင်းလျှောက်ပါ၏။ ဤသည်ကား ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်း လောကီသားတို့ယုံကြည်ကြရန်အတွက်ဖြစ်၏။
22. အကျွန်ုပ်တို့သည် တစ်လုံးတစ်ဝတည်းဖြစ်သကဲ့သို့ သူတို့သည်လည်း တစ်လုံးတစ်ဝတည်းဖြစ်ကြစေရန် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောဘုန်းအသရေတော်ကို သူတို့အားအကျွန်ုပ်ပေးပါပြီ။
23. အကျွန်ုပ်သည် သူတို့၌ရှိ၍ ကိုယ်တော်သည် အကျွန်ုပ်၌ရှိပါ၏။ ဤသည်ကား သူတို့ကို တစ်လုံးတစ်ဝတည်း၌ပြီးပြည့်စုံစေရန်ဖြစ်ပြီး ကိုယ်တော်သည် အကျွန်ုပ်ကိုစေလွှတ်တော်မူကြောင်းနှင့် အကျွန်ုပ်ကို ကိုယ်တော်ချစ်သကဲ့သို့ သူတို့ကိုလည်း ချစ်တော်မူကြောင်းကို လောကီသားတို့သိကြစေရန်ဖြစ်ပါ၏။
24. အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ကြရရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
25. ဖြောင့်မတ်တော်မူသောအဖ၊ ဤလောကသည် ကိုယ်တော်ကိုမသိသော်လည်း အကျွန်ုပ်သည် ကိုယ်တော်ကိုသိပါ၏။ ဤသူတို့သည်လည်း အကျွန်ုပ်ကို ကိုယ်တော်စေလွှတ်တော်မူကြောင်းသိကြပါပြီ။
26. အကျွန်ုပ်ကို ကိုယ်တော်ချစ်တော်မူသောချစ်ခြင်းမေတ္တာသည် သူတို့၌တည်ရှိ၍ အကျွန်ုပ်သည်လည်း သူတို့၌တည်ရှိရန် ကိုယ်တော်၏နာမတော်ကို သူတို့အား အကျွန်ုပ်သိစေပါပြီ။ ဆက်လက်၍လည်း သိစေပါဦးမည်”ဟု မြွက်ဆိုတော်မူ၏။