5. ငါသည် စပျစ်ပင်ဖြစ်၏။ သင်တို့သည် အကိုင်းအခက်များဖြစ်ကြ၏။ မည်သူမဆို ငါ၌တည်နေ၍ ငါသည်လည်း သူ၌တည်နေလျှင် ထိုသူသည် များစွာသောအသီးကိုသီးတတ်၏။ ငါနှင့်ကင်းကွာလျှင် သင်တို့သည် မည်သည့်အရာကိုမျှမပြုနိုင်ကြ။
6. မည်သူမဆို ငါ၌မတည်မနေလျှင် အကိုင်းအခက်ကဲ့သို့ အပြင်သို့လွှတ်ပစ်ခြင်းခံရ၍ ညှိုးနွမ်းခြောက်သွေ့သွားရ၏။ လူတို့သည် ၎င်းတို့ကိုစုစည်းလျက် မီးထဲသို့ပစ်ချလိုက်ကြသဖြင့် လောင်ကျွမ်းသွား၏။
7. သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
8. သင်တို့သည် များစွာသောအသီးကိုသီးလျက် ငါ၏တပည့်များဖြစ်ခြင်းအားဖြင့် ငါ့ခမည်းတော်သည် ဘုန်းထင်ရှားတော်မူ၏။
9. ခမည်းတော်သည် ငါ့ကိုချစ်တော်မူသကဲ့သို့ ငါသည် သင်တို့ကိုချစ်၏။ ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလော့။
10. ငါသည် ငါ့ခမည်းတော်၏ပညတ်ချက်များကို စောင့်ထိန်း၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာတော်၌ တည်နေသကဲ့သို့ သင်တို့သည် ငါ၏ပညတ်ချက်များကိုစောင့်ထိန်းလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
11. သင်တို့၌ ငါ၏ဝမ်းမြောက်ခြင်းတည်နေ၍ သင်တို့၏ဝမ်းမြောက်ခြင်းသည် ပြည့်ဝစုံလင်မည့်အကြောင်း ဤအရာများကို သင်တို့အား ငါပြော၏။
12. ငါ၏ပညတ်ချက်ကား ငါသည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့အချင်းချင်းချစ်ကြလော့ဟူ၍ ဖြစ်၏။
13. မိမိ၏မိတ်ဆွေများအတွက် ကိုယ့်အသက်ကိုစွန့်ခြင်းထက် ပို၍မြတ်သောချစ်ခြင်းမေတ္တာသည် မည်သူ၌မျှမရှိ။
14. သင်တို့အား ငါပညတ်သည့်အရာတို့ကို သင်တို့ကျင့်သုံးလျှင် သင်တို့သည် ငါ၏မိတ်ဆွေများဖြစ်ကြ၏။
15. ငါသည် သင်တို့ကို ကျွန်ဟူ၍ခေါ်တော့မည်မဟုတ်။ အကြောင်းမူကား ကျွန်သည် မိမိသခင်ပြုနေသောအရာကိုမသိ။ ငါ့ခမည်းတော်ထံမှ ကြားနာခဲ့သောအရာအားလုံးကို သင်တို့အား ငါသိစေခဲ့ပြီဖြစ်သောကြောင့် သင်တို့ကို မိတ်ဆွေဟူ၍ ငါခေါ်၏။