Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 15:1-17 Myanmar Standard Bible (MSB)

1. ငါ​သည် စစ်​မှန်​သော​စ​ပျစ်​ပင်​ဖြစ်​၏။ ငါ့​ခ​မည်း​တော်​ကား ဥ​ယျာဉ်​မှူး​ဖြစ်​တော်​မူ​၏။

2. ငါ​၌​အ​သီး​မ​သီး​သော​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို ခ​မည်း​တော်​သည် ခုတ်​ပစ်​တော်​မူ​၏။ အ​သီး​သီး​သော​အ​ကိုင်း​အ​ခက်​ရှိ​သ​မျှ​ကို​မူ ပို​၍​များ​စွာ​အ​သီး​သီး​စေ​ရန် ကိုင်း​ဖြတ်​ပြု​ပြင်​တော်​မူ​၏။

3. သင်​တို့​သည် သင်​တို့​အား ငါ​ဟော​ပြော​သော​တ​ရား​စ​ကား​အား​ဖြင့် စင်​ကြယ်​လျက်​ရှိ​ကြ​ပြီ။

4. ငါ​၌​တည်​နေ​ကြ​လော့။ ငါ​သည်​လည်း သင်​တို့​၌​တည်​နေ​မည်။ စ​ပျစ်​ကိုင်း​သည် စ​ပျစ်​ပင်​၌​မ​တည်​မ​နေ​လျှင် အ​လို​အ​လျောက်​အ​သီး​မ​သီး​နိုင်​သ​ကဲ့​သို့ သင်​တို့​သည်​လည်း ငါ​၌​မ​တည်​မ​နေ​လျှင် အ​သီး​မ​သီး​နိုင်။

5. ငါ​သည် စ​ပျစ်​ပင်​ဖြစ်​၏။ သင်​တို့​သည် အ​ကိုင်း​အ​ခက်​များ​ဖြစ်​ကြ​၏။ မည်​သူ​မ​ဆို ငါ​၌​တည်​နေ​၍ ငါ​သည်​လည်း သူ​၌​တည်​နေ​လျှင် ထို​သူ​သည် များ​စွာ​သော​အ​သီး​ကို​သီး​တတ်​၏။ ငါ​နှင့်​ကင်း​ကွာ​လျှင် သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ​မ​ပြု​နိုင်​ကြ။

6. မည်​သူ​မ​ဆို ငါ​၌​မ​တည်​မ​နေ​လျှင် အ​ကိုင်း​အ​ခက်​ကဲ့​သို့ အ​ပြင်​သို့​လွှတ်​ပစ်​ခြင်း​ခံ​ရ​၍ ညှိုး​နွမ်း​ခြောက်​သွေ့​သွား​ရ​၏။ လူ​တို့​သည် ၎င်း​တို့​ကို​စု​စည်း​လျက် မီး​ထဲ​သို့​ပစ်​ချ​လိုက်​ကြ​သ​ဖြင့် လောင်​ကျွမ်း​သွား​၏။

7. သင်​တို့​သည် ငါ​၌​တည်​နေ​၍ ငါ့​စ​ကား​တို့​သည် သင်​တို့​၌​တည်​နေ​လျှင် သင်​တို့​လို​ချင်​သ​မျှ​တို့​ကို တောင်း​ကြ​လော့။ တောင်း​လျှင် သင်​တို့​အ​တွက် ပြည့်​စုံ​စေ​တော်​မူ​လိမ့်​မည်။

8. သင်​တို့​သည် များ​စွာ​သော​အ​သီး​ကို​သီး​လျက် ငါ​၏​တ​ပည့်​များ​ဖြစ်​ခြင်း​အား​ဖြင့် ငါ့​ခ​မည်း​တော်​သည် ဘုန်း​ထင်​ရှား​တော်​မူ​၏။

9. ခ​မည်း​တော်​သည် ငါ့​ကို​ချစ်​တော်​မူ​သ​ကဲ့​သို့ ငါ​သည် သင်​တို့​ကို​ချစ်​၏။ ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လော့။

10. ငါ​သည် ငါ့​ခ​မည်း​တော်​၏​ပ​ညတ်​ချက်​များ​ကို စောင့်​ထိန်း​၍ ခ​မည်း​တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​၌ တည်​နေ​သ​ကဲ့​သို့ သင်​တို့​သည် ငါ​၏​ပ​ညတ်​ချက်​များ​ကို​စောင့်​ထိန်း​လျှင် ငါ​၏​ချစ်​ခြင်း​မေတ္တာ​၌ တည်​နေ​ကြ​လိမ့်​မည်။

11. သင်​တို့​၌ ငါ​၏​ဝမ်း​မြောက်​ခြင်း​တည်​နေ​၍ သင်​တို့​၏​ဝမ်း​မြောက်​ခြင်း​သည် ပြည့်​ဝ​စုံ​လင်​မည့်​အ​ကြောင်း ဤ​အ​ရာ​များ​ကို သင်​တို့​အား ငါ​ပြော​၏။

12. ငါ​၏​ပ​ညတ်​ချက်​ကား ငါ​သည် သင်​တို့​ကို​ချစ်​သ​ကဲ့​သို့ သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​၍ ဖြစ်​၏။

13. မိ​မိ​၏​မိတ်​ဆွေ​များ​အ​တွက် ကိုယ့်​အ​သက်​ကို​စွန့်​ခြင်း​ထက် ပို​၍​မြတ်​သော​ချစ်​ခြင်း​မေတ္တာ​သည် မည်​သူ​၌​မျှ​မ​ရှိ။

14. သင်​တို့​အား ငါ​ပ​ညတ်​သည့်​အ​ရာ​တို့​ကို သင်​တို့​ကျင့်​သုံး​လျှင် သင်​တို့​သည် ငါ​၏​မိတ်​ဆွေ​များ​ဖြစ်​ကြ​၏။

15. ငါ​သည် သင်​တို့​ကို ကျွန်​ဟူ​၍​ခေါ်​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ကျွန်​သည် မိ​မိ​သ​ခင်​ပြု​နေ​သော​အ​ရာ​ကို​မ​သိ။ ငါ့​ခ​မည်း​တော်​ထံ​မှ ကြား​နာ​ခဲ့​သော​အ​ရာ​အား​လုံး​ကို သင်​တို့​အား ငါ​သိ​စေ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် သင်​တို့​ကို မိတ်​ဆွေ​ဟူ​၍ ငါ​ခေါ်​၏။

16. သင်​တို့​သည် ငါ့​ကို​ရွေး​ကောက်​ကြ​သည်​မ​ဟုတ်။ ငါ​သာ​လျှင် သင်​တို့​ကို​ရွေး​ကောက်​သ​ဖြင့် သင်​တို့​သည်​သွား​လျက် အ​သီး​ကို​သီး​၍ သင်​တို့​၏​အ​သီး​တည်​မြဲ​မည့်​အ​ကြောင်း​နှင့် ငါ့​နာ​မ​၌ ခ​မည်း​တော်​အား တောင်း​လျှောက်​သ​မျှ​တို့​ကို သင်​တို့​အား ခ​မည်း​တော်​ပေး​တော်​မူ​မည့်​အ​ကြောင်း သင်​တို့​ကို ငါ​ခန့်​ထား​၏။

17. သင်​တို့​အ​ချင်း​ချင်း​ချစ်​ကြ​လော့​ဟူ​သော ဤ​ပ​ညတ်​ကို သင်​တို့​အား ငါ​ပေး​၏။