Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 14:20-31 Myanmar Standard Bible (MSB)

20. ထို​နေ့​တွင် ငါ့​ခ​မည်း​တော်​၌ ငါ​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။

21. ငါ​၏​ပ​ညတ်​ချက်​များ​ကို​ရ​ရှိ​၍ ၎င်း​တို့​ကို​စောင့်​ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ​၌ မိ​မိ​ကိုယ်​ကို​ထင်​ရှား​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

22. ယု​ဒ​ဣ​ရှ​ကာ​ရုတ်​မ​ဟုတ်​သော​ယု​ဒ​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ထံ မိ​မိ​ကိုယ်​ကို​ထင်​ရှား​စေ​ရန်​ကြံ​ရွယ်​တော်​မူ​သော်​လည်း လော​ကီ​သား​တို့​ထံ မ​ထင်​ရှား​စေ​သည်​မှာ မည်​သို့​နည်း”​ဟု မေး​လျှောက်​၏။

23. ယေ​ရှု​က​လည်း “မည်​သူ​မ​ဆို ငါ့​ကို​ချစ်​လျှင် ငါ့​စ​ကား​ကို လိုက်​နာ​စောင့်​ထိန်း​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်​မူ​သ​ဖြင့် ငါ​တို့​သည် သူ့​ထံ​သို့​လာ​၍ သူ​နှင့်​အ​တူ​နေ​ထိုင်​မည်။

24. ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​နေ​ရ​သော​စ​ကား​သည် ငါ​၏​စ​ကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​၏​စ​ကား​ဖြစ်​၏။

25. သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ် ဤ​အ​ရာ​များ​ကို ငါ​ဟော​ပြော​ခဲ့​ပြီ။

26. သို့​သော် ငါ့​နာ​မ​၌ ခ​မည်း​တော်​စေ​လွှတ်​တော်​မူ​မည့် ကူ​ညီ​မ​စ​သူ​တည်း​ဟူ​သော သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် အ​ရာ​ခပ်​သိမ်း​တို့​ကို သင်​တို့​အား​သွန်​သင်​တော်​မူ​၍ ငါ​ပြော​ဆို​ခဲ့​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ပြန်​လည်​သ​တိ​ရ​စေ​တော်​မူ​လိမ့်​မည်။

27. ငါ​သည် ငြိမ်​သက်​ခြင်း​ကို သင်​တို့​၌​ထား​ခဲ့​၏။ ငါ​၏​ငြိမ်​သက်​ခြင်း​ကို သင်​တို့​အား ငါ​ပေး​၏။ ဤ​လော​က​ပေး​သည့်​အ​တိုင်း သင်​တို့​အား ငါ​ပေး​သည်​မ​ဟုတ်။ သင်​တို့​စိတ်​ပူ​ပန်​ခြင်း​မ​ရှိ​ကြ​နှင့်။ ကြောက်​ရွံ့​ခြင်း​လည်း​မ​ရှိ​ကြ​နှင့်။

28. ငါ​သည် သွား​သော်​လည်း သင်​တို့​ထံ​သို့​ပြန်​လာ​ဦး​မည်​ဟု ငါ​ပြော​ခဲ့​သည်​ကို သင်​တို့​ကြား​ရ​ကြ​ပြီ။ သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လျှင် ခ​မည်း​တော်​ထံ​သို့ ငါ​သွား​သည့်​အ​တွက် ဝမ်း​မြောက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ခ​မည်း​တော်​သည် ငါ့​ထက် ကြီး​မြတ်​တော်​မူ​၏။

29. ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ သင်​တို့​ယုံ​ကြည်​ကြ​စေ​ရန် မ​ဖြစ်​ပျက်​မီ​က​ပင် သင်​တို့​ကို ယ​ခု ငါ​ပြော​ထား​၏။

30. ငါ​သည် သင်​တို့​နှင့် များ​စွာ​ပြော​တော့​မည်​မ​ဟုတ်။ အ​ကြောင်း​မူ​ကား ဤ​လော​က​ကို​အုပ်​ချုပ်​သူ​သည် ရောက်​လာ​တော့​မည်။ သူ​သည် ငါ့​အ​ပေါ်​၌ မည်​သည့်​အ​ခွင့်​အာ​ဏာ​မျှ​မ​ရှိ။

31. သို့​ရာ​တွင် ငါ​သည် ခ​မည်း​တော်​ကို​ချစ်​ကြောင်း ဤ​လော​က​အား​သိ​စေ​ရန် ငါ့​ကို ခ​မည်း​တော်​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ငါ​ပြု​၏။ ထ​ကြ​လော့။ ဤ​အ​ရပ်​မှ​သွား​ကြ​ကုန်​စို့။