Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 14:10-25 Myanmar Standard Bible (MSB)

10. ငါ​သည် ခ​မည်း​တော်​၌​ရှိ​၍ ခ​မည်း​တော်​သည် ငါ​၌​ရှိ​တော်​မူ​သည်​ကို သင်​မ​ယုံ​သ​လော။ သင်​တို့​အား ငါ​ပြော​ဆို​သော​စ​ကား​တို့​ကို ငါ့​ဆန္ဒ​အ​လျောက်​ငါ​ပြော​ဆို​သည်​မ​ဟုတ်။ ငါ​၌​တည်​နေ​တော်​မူ​သော​ခ​မည်း​တော်​သည် သူ​၏​အ​မှု​တော်​များ​ကို​ပြု​တော်​မူ​ခြင်း​သာ​ဖြစ်​၏။

11. ငါ​သည် ခ​မည်း​တော်​၌​ရှိ​၍ ခ​မည်း​တော်​သည် ငါ​၌​ရှိ​ကြောင်း​ကို ယုံ​ကြ​လော့။ မ​ယုံ​နိုင်​လျှင် ငါ​ပြု​သော​အ​မှု​များ​ကို​ထောက်​၍ ယုံ​ကြ​လော့။

12. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ့​ကို​ယုံ​ကြည်​သော​သူ​သည် ငါ​ပြု​သော​အ​မှု​တို့​ကို​ပြု​လိမ့်​မည်။ ထို​ထက် ပို​၍​ကြီး​မြတ်​သော​အ​မှု​တို့​ကို​လည်း ပြု​လိမ့်​မည်။ အ​ကြောင်း​မူ​ကား ငါ​သည် ခ​မည်း​တော်​ထံ​သို့​သွား​မည်​ဖြစ်​၏။

13. ခ​မည်း​တော်​သည် သား​တော်​အား​ဖြင့် ဘုန်း​တော်​ထင်​ရှား​မည့်​အ​ကြောင်း ငါ​၏​နာ​မ​၌ သင်​တို့​တောင်း​လျှောက်​သ​မျှ​ကို ငါ​ပြု​မည်။

14. သင်​တို့​သည် ငါ​၏​နာ​မ​၌ တစ်​စုံ​တစ်​ခု​ကို​တောင်း​လျှောက်​လျှင် ငါ​သည် ထို​အ​ရာ​ကို​ပြု​မည်။

15. သင်​တို့​သည် ငါ့​ကို​ချစ်​လျှင် ငါ​၏​ပ​ညတ်​ချက်​များ​ကို စောင့်​ထိန်း​ကြ​လိမ့်​မည်။

16. ငါ​သည်​လည်း ခ​မည်း​တော်​ကို​တောင်း​လျှောက်​သ​ဖြင့် ခ​မည်း​တော်​သည် အ​ခြား​သော​ကူ​ညီ​မ​စ​သူ​တစ်​ပါး​ကို သင်​တို့​နှင့်​အ​တူ ကာ​လ​အ​စဉ်​အ​ဆက်​ရှိ​စေ​ရန် သင်​တို့​အား​ပေး​တော်​မူ​မည်။

17. ထို​အ​ရှင်​မှာ သမ္မာ​တ​ရား​၏​ဝိ​ညာဉ်​တော်​ဖြစ်​၏။ ဤ​လော​က​သည် ထို​အ​ရှင်​ကို မြင်​လည်း​မ​မြင်၊ သိ​လည်း​မ​သိ​သော​ကြောင့် ထို​အ​ရှင်​ကို​မ​ခံ​ယူ​မ​ရ​ရှိ​နိုင်။ သို့​သော် ထို​အ​ရှင်​သည် သင်​တို့​နှင့်​အ​တူ​တည်​နေ​၍ သင်​တို့​၌​ရှိ​နေ​မည်​ဖြစ်​သော​ကြောင့် သင်​တို့​သည် ထို​အ​ရှင်​ကို​သိ​ကြ​၏။

18. ငါ​သည် သင်​တို့​ကို မိ​ဘ​မဲ့​အ​ဖြစ် ပစ်​ထား​မည်​မ​ဟုတ်။ သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​ဦး​မည်။

19. နောက်​ထပ် ခ​ဏ​ကြာ​လျှင် ဤ​လော​က​သည် ငါ့​ကို​မြင်​ရ​တော့​မည်​မ​ဟုတ်။ သင်​တို့​မူ​ကား ငါ့​ကို​မြင်​ကြ​ရ​လိမ့်​မည်။ ငါ​သည်​အ​သက်​ရှင်​သော​ကြောင့် သင်​တို့​သည်​လည်း အ​သက်​ရှင်​ကြ​ရ​လိမ့်​မည်။

20. ထို​နေ့​တွင် ငါ့​ခ​မည်း​တော်​၌ ငါ​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ​၌​ရှိ​၍ ငါ​သည် သင်​တို့​၌​ရှိ​သည်​ကို​လည်း​ကောင်း သင်​တို့​သိ​ကြ​လိမ့်​မည်။

21. ငါ​၏​ပ​ညတ်​ချက်​များ​ကို​ရ​ရှိ​၍ ၎င်း​တို့​ကို​စောင့်​ထိန်း​သော​သူ​သည် ငါ့​ကို​ချစ်​သော​သူ​ဖြစ်​၏။ ငါ့​ကို​ချစ်​သော​သူ​အား ငါ့​ခ​မည်း​တော်​သည် ချစ်​တော်​မူ​မည်။ ငါ​သည်​လည်း ထို​သူ​ကို​ချစ်​၍ သူ့​ထံ​၌ မိ​မိ​ကိုယ်​ကို​ထင်​ရှား​စေ​မည်”​ဟု မိန့်​တော်​မူ​၏။

22. ယု​ဒ​ဣ​ရှ​ကာ​ရုတ်​မ​ဟုတ်​သော​ယု​ဒ​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​ထံ မိ​မိ​ကိုယ်​ကို​ထင်​ရှား​စေ​ရန်​ကြံ​ရွယ်​တော်​မူ​သော်​လည်း လော​ကီ​သား​တို့​ထံ မ​ထင်​ရှား​စေ​သည်​မှာ မည်​သို့​နည်း”​ဟု မေး​လျှောက်​၏။

23. ယေ​ရှု​က​လည်း “မည်​သူ​မ​ဆို ငါ့​ကို​ချစ်​လျှင် ငါ့​စ​ကား​ကို လိုက်​နာ​စောင့်​ထိန်း​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည်​လည်း ထို​သူ​ကို​ချစ်​တော်​မူ​သ​ဖြင့် ငါ​တို့​သည် သူ့​ထံ​သို့​လာ​၍ သူ​နှင့်​အ​တူ​နေ​ထိုင်​မည်။

24. ငါ့​ကို​မ​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​မ​ရှိ။ သင်​တို့​ကြား​နေ​ရ​သော​စ​ကား​သည် ငါ​၏​စ​ကား​မ​ဟုတ်​ဘဲ ငါ့​ကို​စေ​လွှတ်​တော်​မူ​သော ခ​မည်း​တော်​၏​စ​ကား​ဖြစ်​၏။

25. သင်​တို့​နှင့်​အ​တူ​ရှိ​နေ​စဉ် ဤ​အ​ရာ​များ​ကို ငါ​ဟော​ပြော​ခဲ့​ပြီ။