Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 13:4-20 Myanmar Standard Bible (MSB)

4. ည​စာ​စား​ပွဲ​မှ​ထ​၍ ဝတ်​ရုံ​တော်​ကို​ချွတ်​ပြီး​လျှင် ပ​ဝါ​ကို​ယူ​လျက် မိ​မိ​ခါး​၌​စည်း​တော်​မူ​၏။

5. ထို့​နောက် ဇ​လုံ​၌​ရေ​ထည့်​၍ တ​ပည့်​တော်​တို့​၏​ခြေ​ကို​ဆေး​ပြီး​မှ ခါး​၌​စည်း​ထား​သော​ပ​ဝါ​ဖြင့် သုတ်​တော်​မူ​၏။

6. ဤ​သို့​ဖြင့် ရှိ​မုန်​ပေ​တ​ရု​ထံ​ရောက်​တော်​မူ​သော​အ​ခါ ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​ခြေ​ကို ဆေး​တော်​မူ​မည်​လော”​ဟု လျှောက်​လေ​၏။

7. ယေ​ရှု​က​လည်း “သင်​သည် ငါ​ပြု​နေ​သော​အ​ရာ​ကို ယ​ခု​နား​မ​လည်​သော်​လည်း နောင်​အ​ခါ​သ​ဘော​ပေါက်​လိမ့်​မည်”​ဟု ပြန်​၍​မိန့်​တော်​မူ​လျှင်

8. ပေ​တ​ရု​က “အ​ကျွန်ုပ်​၏​ခြေ​ကို လုံး​ဝ​ဆေး​တော်​မ​မူ​ပါ​နှင့်”​ဟု လျှောက်​လေ​၏။ ယေ​ရှု​က​လည်း “သင့်​ကို​ငါ​မ​ဆေး​ရ​လျှင် သင်​သည် ငါ​နှင့် မည်​သည့်​ပတ်​သက်​မှု​မျှ​မ​ရှိ”​ဟု ပြန်​၍​မိန့်​တော်​မူ​၏။

9. ထို​အ​ခါ ရှိ​မုန်​ပေ​တ​ရု​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ခြေ​ကို​သာ​မ​ဟုတ်​ဘဲ လက်​နှင့်​ဦး​ခေါင်း​တို့​ကို​ပါ ဆေး​တော်​မူ​ပါ”​ဟု လျှောက်​လေ​၏။

10. ယေ​ရှု​က​လည်း “ရေ​ချိုး​ပြီး​သော​သူ​သည် တစ်​ကိုယ်​လုံး​စင်​ကြယ်​သည်​ဖြစ်​၍ ခြေ​မှ​လွဲ​၍ ဆေး​ရန်​မ​လို။ သင်​တို့​သည် စင်​ကြယ်​ကြ​၏။ သို့​သော် သင်​တို့​အား​လုံး​မ​ဟုတ်”​ဟု မိန့်​တော်​မူ​၏။

11. ကိုယ်​တော်​သည် မိ​မိ​ကို မည်​သူ​အပ်​နှံ​မည်​ကို​သိ​တော်​မူ​သော​ကြောင့် “သင်​တို့​အား​လုံး​စင်​ကြယ်​သည်​မ​ဟုတ်”​ဟု မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။

12. ထို​သို့ သူ​တို့​၏​ခြေ​ကို​ဆေး​ပြီး​သော​အ​ခါ ကိုယ်​တော်​သည် ဝတ်​ရုံ​တော်​ကို​ပြန်​ဝတ်​၍ တစ်​ဖန်​ထိုင်​တော်​မူ​ပြီး​လျှင် တ​ပည့်​တော်​တို့​အား​မြွက်​ဆို​တော်​မူ​သည်​မှာ “သင်​တို့​၌ ငါ​ပြု​ခဲ့​သော​အ​ရာ​ကို နား​လည်​ကြ​သ​လော။

13. သင်​တို့​သည် ငါ့​ကို ဆ​ရာ​ဟူ​၍​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​ဟူ​၍​လည်း​ကောင်း ခေါ်​ကြ​၏။ ငါ​သည် ထို​အ​တိုင်း​ဖြစ်​သော​ကြောင့် သင်​တို့ ထို​သို့​ခေါ်​ကြ​သည်​မှာ လျောက်​ပတ်​ပေ​၏။

14. ထို့​ကြောင့် သ​ခင်​ဘု​ရား​ဖြစ်​လျက် ဆ​ရာ​လည်း​ဖြစ်​သော​ငါ​သည် သင်​တို့​၏​ခြေ​ကို​ဆေး​လျှင် သင်​တို့​သည်​လည်း အ​ချင်း​ချင်း​တို့​၏​ခြေ​ကို​ဆေး​ရ​ကြ​မည်။

15. သင်​တို့​၌ ငါ​ပြု​သ​ကဲ့​သို့ သင်​တို့​သည်​လည်း​ပြု​ကြ​ရန် စံ​န​မူ​နာ​ကို ငါ​ပြ​ခဲ့​၏။

16. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ကျွန်​သည် သူ့​သ​ခင်​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။ စေ​တ​မန်​သည်​လည်း သူ့​ကို​စေ​လွှတ်​သော​သူ​ထက် ကြီး​မြတ်​သည်​မ​ဟုတ်။

17. ဤ​အ​ရာ​များ​ကို သင်​တို့​သိ​မှတ်​၍ ထို​အ​တိုင်း​ကျင့်​သုံး​လျှင် သင်​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။

18. သင်​တို့​အား​လုံး​ကို ငါ​ရည်​ညွှန်း​ပြော​ဆို​သည်​မ​ဟုတ်။ ငါ​ရွေး​ကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့​သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖ​နောင့်​နှင့်​ပေါက်​လေ​၏’​ဟူ​သော​ကျမ်း​ချက်​သည် ပြည့်​စုံ​ရ​မည်။

19. ထို​အ​ခြင်း​အ​ရာ​ဖြစ်​ပျက်​လာ​သော​အ​ခါ ငါ​သည် ထို​အ​ရှင်​ဖြစ်​ကြောင်း သင်​တို့​ယုံ​ကြည်​ကြ​ရန် ထို​အ​ခြင်း​အ​ရာ​မ​ဖြစ်​ပျက်​မီ ယ​ခု​က​ပင် သင်​တို့​အား ငါ​ပြော​နှင့်​ပြီ။

20. သင်​တို့​အား ငါ​အ​မှန်​အ​ကန်​ဆို​မည်။ ငါ​စေ​လွှတ်​သော​သူ​ကို လက်​ခံ​သော​သူ​သည် ငါ့​ကို​လက်​ခံ​၏။ ငါ့​ကို​လက်​ခံ​သော​သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ​သော​အ​ရှင်​ကို​လက်​ခံ​၏”​ဟု မိန့်​တော်​မူ​၏။