28. ‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။
29. အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။
30. ယေရှုကလည်း “ဤအသံတော်သည် ငါ့အတွက်မဟုတ်ဘဲ သင်တို့အတွက်လာ၏။
31. ယခုသည် ဤလောက၏တရားစီရင်ခြင်းကာလဖြစ်၏။ ဤလောကကိုအုပ်ချုပ်သူသည် ယခု နှင်ထုတ်ခြင်းခံရမည်။
32. ငါသည်လည်း မြေမှ မြှောက်ထားခြင်းခံရသောအခါ လူခပ်သိမ်းတို့ကို ငါ့ထံသို့ဆွဲငင်မည်”ဟု မိန့်တော်မူ၏။
33. ဤသို့မိန့်တော်မူခြင်းမှာ မိမိသည်မည်သို့သောသေခြင်းမျိုးဖြင့် အသေခံရမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။
34. ထိုအခါ လူထုပရိသတ်က “ခရစ်တော်သည် ကာလအစဉ်အဆက်တည်တော်မူ၏ဟု ပညတ်တရားကျမ်းအားဖြင့် အကျွန်ုပ်တို့ကြားသိထားသည်။ သို့ဖြစ်လျှင် သင်သည် အဘယ်ကြောင့် ‘လူ့သားသည် မြှောက်ထားခြင်းခံရမည်’ဟု ဆိုသနည်း။ ဤလူ့သားဆိုသူမှာ မည်သူနည်း”ဟု မေးမြန်းကြ၏။
35. ယေရှုကလည်း “အလင်းသည် သင်တို့တွင် နောက်ထပ် ခဏရှိဦးမည်။ သင်တို့အား မှောင်မိုက်မလွှမ်းမိုးစေရန် အလင်းရှိခိုက် သွားလာကြလော့။ မှောင်မိုက်၌သွားလာသောသူသည် မိမိမည်သည့်အရပ်သို့သွားသည်ကိုမသိ။
36. သင်တို့သည် အလင်း၏သားများဖြစ်ကြရန် သင်တို့တွင် အလင်းရှိခိုက် အလင်းကိုယုံကြည်ကြလော့”ဟု မိန့်တော်မူ၏။ ယေရှုသည် ဤအရာများကို ဟောပြောတော်မူပြီးနောက် ထွက်သွား၍ သူတို့ကို တိမ်းရှောင်လျက်နေတော်မူ၏။
37. ယေရှုသည် ဤမျှလောက်များပြားသော နိမိတ်လက္ခဏာတို့ကို သူတို့ရှေ့မှောက်၌ ပြုတော်မူသော်လည်း သူတို့သည် ကိုယ်တော်ကိုမယုံကြည်ကြပေ။
38. ဤသည်ကား “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း”ဟု ပရောဖက်ဟေရှာယဟောပြောထားသောစကား ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
39. သူတို့မယုံကြည်နိုင်သည့်အကြောင်းမှာ ဟေရှာယက
40. “သူတို့သည် မျက်စိဖြင့်မြင်၍ စိတ်နှလုံးဖြင့်နားလည်ကာ ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရမည့်အဖြစ်မျိုးမရှိစေရန် ဘုရားသခင်သည် သူတို့၏မျက်စိကို ကွယ်စေတော်မူ၍ သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူ၏”ဟု ထပ်မံ၍ ဟောပြောခဲ့သောကြောင့်ဖြစ်၏။
41. ဟေရှာယသည် ယေရှု၏ဘုန်းအသရေတော်ကိုမြင်ရသောကြောင့် ဤသို့ပြောဆိုပြီး ကိုယ်တော်၏အကြောင်းကို ဟောပြောခဲ့ခြင်းဖြစ်၏။
42. မည်သို့ပင်ဖြစ်စေ အကြီးအကဲတို့တွင်လည်း ကိုယ်တော်ကိုယုံကြည်သောသူများစွာရှိကြ၏။ သို့သော် သူတို့သည် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် ဖာရိရှဲတို့ကြောင့် ဖွင့်မပြောဘဲနေကြ၏။
43. အကြောင်းမူကား သူတို့သည် ဘုရားသခင်ပေးသောဘုန်းအသရေထက် လူတို့ပေးသောဘုန်းအသရေကို ပို၍နှစ်သက်ကြ၏။
44. တစ်ဖန် ယေရှုက “ငါ့ကိုယုံကြည်သောသူသည် ငါ့ကိုယုံကြည်သည်မဟုတ်ဘဲ ငါ့ကိုစေလွှတ်တော်မူသောအရှင်ကိုယုံကြည်၏။