21. သူတို့သည် ဂါလိလဲနယ်၊ ဗက်ဇဲဒမြို့သား ဖိလိပ္ပုထံချဉ်းကပ်၍ “ဆရာ၊ အကျွန်ုပ်တို့သည် ယေရှုကိုတွေ့မြင်လိုပါသည်”ဟု တောင်းဆိုကြ၏။
22. ဖိလိပ္ပုသည်သွား၍ အန္ဒြေကိုပြောပြပြီးလျှင် အန္ဒြေနှင့်ဖိလိပ္ပုတို့သည်လာ၍ ယေရှုထံလျှောက်ထားကြ၏။
23. ထိုအခါ ယေရှုက “လူ့သားကို ဘုန်းတော်ထင်ရှားစေမည့်အချိန် ရောက်လာပြီ။
24. သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။
25. မိမိအသက်ကိုတွယ်တာသောသူသည် အသက်ဆုံးရှုံးလိမ့်မည်။ ဤလောက၌ မိမိအသက်ကိုမုန်းသောသူမူကား ထိုအသက်ကို ထာဝရအသက်အတွက် စောင့်ရှောက်လိမ့်မည်။
26. မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူသည် ငါ့နောက်သို့လိုက်ရမည်။ ထိုအခါ ငါရှိရာအရပ်၌ ငါ၏အမှုဆောင်လည်းရှိလိမ့်မည်။ မည်သူမဆို ငါ၏အမှုကိုဆောင်ရွက်မည်ဆိုလျှင် ထိုသူကို ခမည်းတော်သည် ချီးမြှောက်တော်မူလိမ့်မည်။
27. ယခု ငါ့စိတ်ပူပန်လျက်ရှိ၏။ ငါမည်သို့လျှောက်ရပါမည်နည်း။ ‘အို အဖ၊ ဤအချိန်နာရီမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ’ဟူ၍ လျှောက်ရပါမည်လော။ သို့ရာတွင် ငါသည် ဤအတွက်ကြောင့် ယခုအချိန်နာရီသို့ ရောက်လာခဲ့၏။
28. ‘အို အဖ၊ ကိုယ်တော်၏နာမတော်အား ဘုန်းတော်ထင်ရှားစေတော်မူပါ’”ဟု မြွက်ဆိုတော်မူ၏။ ထိုအခါ “ငါသည် ဘုန်းတော်ထင်ရှားစေခဲ့ပြီ။ နောက်တစ်ဖန်လည်း ထင်ရှားစေဦးမည်”ဟု ကောင်းကင်မှအသံတော်လာ၏။
29. အနီးနား၌ရပ်နေ၍ ထိုအသံကိုကြားကြသော လူထုပရိသတ်တို့က “မိုးချုန်းသည်”ဟု ဆိုကြ၏။ အခြားသောသူတို့ကမူ “ကောင်းကင်တမန်က သူ့ကိုမြွက်ဆိုသည်”ဟု ဆိုကြ၏။