44. ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
45. ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
46. သို့သော် အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။
47. ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
48. ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
49. သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။
50. တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။
51. သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
52. ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။
53. ထို့ကြောင့် သူတို့သည် ထိုနေ့မှစ၍ ကိုယ်တော်ကိုသတ်ရန် တိုင်ပင်ကြံစည်ကြ၏။
54. သို့ဖြစ်၍ ယေရှုသည် ဂျူးလူမျိုးတို့ထဲတွင် ထင်ရှားစွာမသွားလာတော့ဘဲ ထိုအရပ်မှထွက်ခွာ၍ တောကန္တာရနှင့်နီးသောအရပ်ဒေသ၌ရှိသည့် ဧဖရိမ်ဟုခေါ်သောမြို့သို့ကြွပြီးလျှင် တပည့်တော်တို့နှင့်အတူ ထိုမြို့၌နေတော်မူ၏။
55. ဂျူးလူမျိုးတို့၏ပသခါပွဲတော်နီးကပ်လာပြီဖြစ်၍ များစွာသောသူတို့သည် မိမိတို့ကိုယ်ကိုသန့်ရှင်းစင်ကြယ်စေရန် ပသခါပွဲတော်မတိုင်မီ ကျေးလက်ဒေသမှ ဂျေရုဆလင်မြို့သို့ တက်လာကြ၏။
56. သူတို့သည် ယေရှုကိုရှာရင်း ဗိမာန်တော်ထဲ၌ရပ်လျက် “သင်တို့မည်သို့ထင်ကြသနည်း။ သူသည် ဤပွဲတော်သို့ လုံးဝမလာဘဲနေမည်လော”ဟု အချင်းချင်းပြောဆိုကြ၏။
57. ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့မူကား ကိုယ်တော်ကိုဖမ်းဆီးနိုင်ရန်အတွက် မည်သူမဆို ယေရှုရှိရာအရပ်ကိုသိလျှင် သတင်းပေးရမည်ဟု အမိန့်ထုတ်ထားကြ၏။