41. ထို့ကြောင့် လူတို့သည် ကျောက်တုံးကိုဖယ်ရှားကြ၏။ ထိုအခါ ယေရှုသည် အထက်သို့မော်ကြည့်လျက် “အို အဖ၊ အကျွန်ုပ်တောင်းလျှောက်သည်ကို နားညောင်းတော်မူပြီဖြစ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
42. ကိုယ်တော်သည် အကျွန်ုပ်၏ဆုတောင်းသံကို အစဉ်နားညောင်းတော်မူကြောင်း အကျွန်ုပ်သိပါ၏။ သို့ရာတွင် ဤသို့တောင်းလျှောက်ခြင်းမှာ ဝိုင်းရံလျက်ရှိသောလူထုပရိသတ်အတွက်ဖြစ်ပြီး အကျွန်ုပ်ကိုကိုယ်တော်စေလွှတ်တော်မူကြောင်း သူတို့ယုံကြည်ကြစေရန်အတွက်ဖြစ်ပါ၏”ဟု မြွက်ဆိုတော်မူ၏။
43. ထိုသို့မြွက်ဆိုတော်မူပြီးနောက် ကျယ်လောင်သောအသံဖြင့် “လာဇရု၊ ထွက်လာလော့”ဟု ဟစ်ခေါ်တော်မူ၏။
44. ထိုအခါ သေလွန်သောသူသည် ခြေနှင့်လက်တို့၌ ပိတ်စဖြင့်ပတ်စည်းလျက် မျက်နှာကိုလည်း ပဝါဖြင့်စည်းထားသည့်အတိုင်း ထွက်လာ၏။ ယေရှုက “သူ့ကို ဖြေပေး၍ သွားခွင့်ပေးကြလော့”ဟု လူတို့အား မိန့်တော်မူ၏။
45. ထို့ကြောင့် မာရိထံသို့လာ၍ ယေရှုပြုတော်မူသောအရာတို့ကိုမြင်ရသည့် များစွာသောဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုယုံကြည်ကြ၏။
46. သို့သော် အချို့တို့သည် ဖာရိရှဲတို့ထံသို့သွား၍ ယေရှုပြုတော်မူသောအရာတို့ကို ပြောကြားကြ၏။
47. ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
48. ထိုသူကို ဤအတိုင်းလွှတ်ထားလျှင် လူအားလုံးတို့သည် သူ့ကိုယုံကြည်ကြလိမ့်မည်။ ထိုအခါ ရောမလူမျိုးတို့သည်လာ၍ ငါတို့၏အရပ်ဌာနနှင့်တကွ ငါတို့၏လူမျိုးကိုပါ သိမ်းယူကြလိမ့်မည်”ဟု ပြောဆိုကြ၏။
49. သို့ရာတွင် သူတို့ထဲမှတစ်ဦးဖြစ်ပြီး ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သော ကယာဖက “သင်တို့သည် မည်သည့်အရာကိုမျှမသိကြ။
50. တစ်မျိုးသားလုံးပျက်စီးသည်ထက် လူတစ်ဦးက လူထုကိုယ်စား အသေခံခြင်းသည် သင်တို့အတွက် ပို၍ကောင်းသည်ကိုလည်း သင်တို့မဆင်ခြင်ကြပါတကား”ဟု ဆို၏။
51. သို့သော် ဤစကားကို မိမိဆန္ဒအလျောက် သူပြောဆိုသည်မဟုတ်။ သူသည် ထိုနှစ်တွင် ယဇ်ပုရောဟိတ်မင်းဖြစ်သည်နှင့်အညီ ယေရှုသည် ထိုလူမျိုးအတွက် အသေခံတော်မူမည်ဖြစ်ကြောင်းနှင့်
52. ထိုလူမျိုးအတွက်သာမက ကွဲလွင့်နေသော ဘုရားသခင်၏သားသမီးများကို တစ်စုတစ်ဝေးတည်းဖြစ်စေရန်အတွက်ပါ အသေခံတော်မူမည်ဖြစ်ကြောင်း ပရောဖက်ပြုဟောပြောခြင်းဖြစ်၏။