Myanmar Standard Bible

ရှင်​ယော​ဟန်​ခ​ရစ်​ဝင် 11:39-54 Myanmar Standard Bible (MSB)

39. ယေ​ရှု​က “ကျောက်​တုံး​ကို​ဖယ်​ရှား​ကြ​လော့”​ဟု မိန့်​တော်​မူ​၏။ သေ​ဆုံး​သော​သူ​၏​အစ်​မ မာ​သ​က “သ​ခင်​ဘု​ရား၊ လေး​ရက်​ပင်​ရှိ​ပြီ​ဖြစ်​၍ ယ​ခု​ဆို​လျှင် အ​နံ့​ထွက်​နေ​ပါ​လိမ့်​မည်”​ဟု လျှောက်​လေ​၏။

40. ယေ​ရှု​က​လည်း “သင်​ယုံ​ကြည်​လျှင် ဘု​ရား​သ​ခင်​၏​ဘုန်း​တော်​ကို​မြင်​ရ​လိမ့်​မည်​ဟူ​၍ သင့်​အား ငါ​ပြော​ခဲ့​ပြီ​မ​ဟုတ်​လော”​ဟု မိန့်​တော်​မူ​၏။

41. ထို့​ကြောင့် လူ​တို့​သည် ကျောက်​တုံး​ကို​ဖယ်​ရှား​ကြ​၏။ ထို​အ​ခါ ယေ​ရှု​သည် အ​ထက်​သို့​မော်​ကြည့်​လျက် “အို အ​ဖ၊ အ​ကျွန်ုပ်​တောင်း​လျှောက်​သည်​ကို နား​ညောင်း​တော်​မူ​ပြီ​ဖြစ်​သော​ကြောင့် ကိုယ်​တော်​ကို​ကျေး​ဇူး​တင်​ပါ​၏။

42. ကိုယ်​တော်​သည် အ​ကျွန်ုပ်​၏​ဆု​တောင်း​သံ​ကို အ​စဉ်​နား​ညောင်း​တော်​မူ​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ သို့​ရာ​တွင် ဤ​သို့​တောင်း​လျှောက်​ခြင်း​မှာ ဝိုင်း​ရံ​လျက်​ရှိ​သော​လူ​ထု​ပ​ရိ​သတ်​အ​တွက်​ဖြစ်​ပြီး အ​ကျွန်ုပ်​ကို​ကိုယ်​တော်​စေ​လွှတ်​တော်​မူ​ကြောင်း သူ​တို့​ယုံ​ကြည်​ကြ​စေ​ရန်​အ​တွက်​ဖြစ်​ပါ​၏”​ဟု မြွက်​ဆို​တော်​မူ​၏။

43. ထို​သို့​မြွက်​ဆို​တော်​မူ​ပြီး​နောက် ကျယ်​လောင်​သော​အ​သံ​ဖြင့် “လာ​ဇ​ရု၊ ထွက်​လာ​လော့”​ဟု ဟစ်​ခေါ်​တော်​မူ​၏။

44. ထို​အ​ခါ သေ​လွန်​သော​သူ​သည် ခြေ​နှင့်​လက်​တို့​၌ ပိတ်​စ​ဖြင့်​ပတ်​စည်း​လျက် မျက်​နှာ​ကို​လည်း ပ​ဝါ​ဖြင့်​စည်း​ထား​သည့်​အ​တိုင်း ထွက်​လာ​၏။ ယေ​ရှု​က “သူ့​ကို ဖြေ​ပေး​၍ သွား​ခွင့်​ပေး​ကြ​လော့”​ဟု လူ​တို့​အား မိန့်​တော်​မူ​၏။

45. ထို့​ကြောင့် မာ​ရိ​ထံ​သို့​လာ​၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​ရာ​တို့​ကို​မြင်​ရ​သည့် များ​စွာ​သော​ဂျူး​လူ​မျိုး​တို့​သည် ကိုယ်​တော်​ကို​ယုံ​ကြည်​ကြ​၏။

46. သို့​သော် အ​ချို့​တို့​သည် ဖာ​ရိ​ရှဲ​တို့​ထံ​သို့​သွား​၍ ယေ​ရှု​ပြု​တော်​မူ​သော​အ​ရာ​တို့​ကို ပြော​ကြား​ကြ​၏။

47. ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​အ​ကဲ​များ​နှင့်​ဖာ​ရိ​ရှဲ​တို့​သည် တ​ရား​လွှတ်​တော်​ကို​စု​ဝေး​စေ​၍ “ထို​သူ​သည် များ​စွာ​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို ပြု​နေ​သည်​ဖြစ်​၍ ငါ​တို့​မည်​သို့​ပြု​ကြ​မည်​နည်း။

48. ထို​သူ​ကို ဤ​အ​တိုင်း​လွှတ်​ထား​လျှင် လူ​အား​လုံး​တို့​သည် သူ့​ကို​ယုံ​ကြည်​ကြ​လိမ့်​မည်။ ထို​အ​ခါ ရော​မ​လူ​မျိုး​တို့​သည်​လာ​၍ ငါ​တို့​၏​အ​ရပ်​ဌာ​န​နှင့်​တ​ကွ ငါ​တို့​၏​လူ​မျိုး​ကို​ပါ သိမ်း​ယူ​ကြ​လိမ့်​မည်”​ဟု ပြော​ဆို​ကြ​၏။

49. သို့​ရာ​တွင် သူ​တို့​ထဲ​မှ​တစ်​ဦး​ဖြစ်​ပြီး ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သော က​ယာ​ဖ​က “သင်​တို့​သည် မည်​သည့်​အ​ရာ​ကို​မျှ​မ​သိ​ကြ။

50. တစ်​မျိုး​သား​လုံး​ပျက်​စီး​သည်​ထက် လူ​တစ်​ဦး​က လူ​ထု​ကိုယ်​စား အ​သေ​ခံ​ခြင်း​သည် သင်​တို့​အ​တွက် ပို​၍​ကောင်း​သည်​ကို​လည်း သင်​တို့​မ​ဆင်​ခြင်​ကြ​ပါ​တ​ကား”​ဟု ဆို​၏။

51. သို့​သော် ဤ​စ​ကား​ကို မိ​မိ​ဆန္ဒ​အ​လျောက် သူ​ပြော​ဆို​သည်​မ​ဟုတ်။ သူ​သည် ထို​နှစ်​တွင် ယဇ်​ပု​ရော​ဟိတ်​မင်း​ဖြစ်​သည်​နှင့်​အ​ညီ ယေ​ရှု​သည် ထို​လူ​မျိုး​အ​တွက် အ​သေ​ခံ​တော်​မူ​မည်​ဖြစ်​ကြောင်း​နှင့်

52. ထို​လူ​မျိုး​အ​တွက်​သာ​မ​က ကွဲ​လွင့်​နေ​သော ဘု​ရား​သ​ခင်​၏​သား​သ​မီး​များ​ကို တစ်​စု​တစ်​ဝေး​တည်း​ဖြစ်​စေ​ရန်​အ​တွက်​ပါ အ​သေ​ခံ​တော်​မူ​မည်​ဖြစ်​ကြောင်း ပ​ရော​ဖက်​ပြု​ဟော​ပြော​ခြင်း​ဖြစ်​၏။

53. ထို့​ကြောင့် သူ​တို့​သည် ထို​နေ့​မှ​စ​၍ ကိုယ်​တော်​ကို​သတ်​ရန် တိုင်​ပင်​ကြံ​စည်​ကြ​၏။

54. သို့​ဖြစ်​၍ ယေ​ရှု​သည် ဂျူး​လူ​မျိုး​တို့​ထဲ​တွင် ထင်​ရှား​စွာ​မ​သွား​လာ​တော့​ဘဲ ထို​အ​ရပ်​မှ​ထွက်​ခွာ​၍ တော​ကန္တာ​ရ​နှင့်​နီး​သော​အ​ရပ်​ဒေ​သ​၌​ရှိ​သည့် ဧ​ဖ​ရိမ်​ဟု​ခေါ်​သော​မြို့​သို့​ကြွ​ပြီး​လျှင် တ​ပည့်​တော်​တို့​နှင့်​အ​တူ ထို​မြို့​၌​နေ​တော်​မူ​၏။