3. ထို့ကြောင့် ထိုညီအစ်မတို့သည် ကိုယ်တော်ထံသို့ လူကိုစေလွှတ်၍ “သခင်ဘုရား၊ ကိုယ်တော်ချစ်ခင်တော်မူသောသူသည် နာမကျန်းဖြစ်နေပါသည်”ဟု လျှောက်ထားကြ၏။
4. ယေရှုသည် ထိုအကြောင်းကိုကြားလျှင် “ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
5. ယေရှုသည် မာသ၊ သူ၏ညီမနှင့် လာဇရုတို့ကို ချစ်တော်မူ၏။
6. သို့ဖြစ်၍ လာဇရုနာမကျန်းဖြစ်သည်ကို ကြားတော်မူသောအခါ မိမိနေသောအရပ်၌ နှစ်ရက် ထပ်၍နေတော်မူ၏။
7. ထို့နောက် တပည့်တော်တို့အား “ယုဒနယ်သို့ နောက်တစ်ဖန်သွားကြစို့”ဟု မိန့်တော်မူ၏။
8. တပည့်တော်တို့က “ရဗ္ဗိ၊ ဂျူးလူမျိုးတို့သည် မကြာသေးမီကပင် ကိုယ်တော်ကိုခဲနှင့်ပေါက်သတ်ရန် ရှာကြံနေကြပါလျက်နှင့် ထိုအရပ်သို့ နောက်တစ်ဖန်ကြွတော်မူမည်လော”ဟု လျှောက်ကြ၏။
9. ယေရှုကလည်း “နေ့အချိန်သည် တစ်ဆယ့်နှစ်နာရီရှိသည်မဟုတ်လော။ မည်သူမဆို နေ့အချိန်၌သွားလာလျှင် ဤလောက၏အလင်းကိုမြင်ရသောကြောင့် ခလုတ်မတိုက်မိတတ်။
10. သို့သော် ညအချိန်၌သွားလာလျှင် သူ၌အလင်းမရှိသောကြောင့် ခလုတ်တိုက်မိတတ်၏”ဟု ပြန်၍မိန့်တော်မူ၏။
11. ထိုသို့မိန့်တော်မူပြီးနောက် “ငါတို့၏မိတ်ဆွေလာဇရုသည် အိပ်ပျော်လေပြီ။ သို့ရာတွင် သူ့ကိုနှိုးရန် ငါသွားမည်”ဟု မိန့်တော်မူ၏။
12. ထိုအခါ တပည့်တော်တို့က “သခင်ဘုရား၊ သူအိပ်ပျော်ပြီဆိုလျှင် သက်သာပါလိမ့်မည်”ဟု လျှောက်ကြ၏။
13. ယေရှုသည် လာဇရု၏သေဆုံးခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသော်လည်း အနားယူအိပ်စက်ခြင်းကိုရည်ညွှန်း၍ မိန့်တော်မူသည်ဟု တပည့်တော်တို့ထင်မှတ်ကြ၏။
14. ထို့ကြောင့် ယေရှုသည် သူတို့အား အတိအလင်းပြောဆို၍ “လာဇရုသေပြီ။
15. သို့သော် သင်တို့ယုံကြည်ကြရန် ထိုအရပ်၌ ငါမရှိခဲ့သည်ကို သင်တို့အတွက် ငါဝမ်းမြောက်၏။ မည်သို့ပင်ဖြစ်စေ သူ့ထံသို့သွားကြစို့”ဟု မိန့်တော်မူ၏။
16. ထိုအခါ ဒိဒုမုဟုခေါ်သည့်သောမက “ကိုယ်တော်နှင့်အတူအသေခံရန် ငါတို့လည်း လိုက်သွားကြစို့”ဟု အခြားတပည့်တော်တို့အားပြောဆို၏။