23. ယေရှုကလည်း “သင်၏မောင်သည် ထမြောက်မည်”ဟု မိန့်တော်မူလျှင်
24. မာသက “နောက်ဆုံးသောနေ့တည်းဟူသော ရှင်ပြန်ထမြောက်ရာကာလ၌ သူထမြောက်မည်ကို ကျွန်မသိပါသည်”ဟု လျှောက်လေ၏။
25. ယေရှုကလည်း “ငါသည် ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုယုံကြည်သောသူသည် သေခဲ့လျှင်ပင် အသက်ရှင်လိမ့်မည်။
26. အသက်ရှင်နေလျက် ငါ့ကိုယုံကြည်သောသူတိုင်း ကာလအစဉ်အဆက် မည်သည့်အခါမျှမသေရ။ ဤအရာကို သင်ယုံကြည်သလော”ဟု မိန့်တော်မူ၏။
27. မာသက “ယုံကြည်ပါ၏ သခင်ဘုရား။ ကိုယ်တော်သည် ဤလောကသို့ကြွလာရမည့် ဘုရားသခင်၏သားတော် ခရစ်တော်ဖြစ်ကြောင်းကို ကျွန်မယုံကြည်ပါ၏”ဟု လျှောက်ထားလေ၏။
28. ထိုသို့လျှောက်ထားပြီးနောက် မာသသည် ပြန်သွား၍ မိမိ၏ညီမ မာရိကိုခေါ်လျက် “ဆရာရောက်လာပြီး သင့်ကိုခေါ်နေသည်”ဟု တိတ်တဆိတ်ပြောလေ၏။
29. မာရိသည် ထိုစကားကိုကြားသောအခါ အလျင်အမြန်ထ၍ ကိုယ်တော်ထံသို့သွားလေ၏။
30. ယေရှုမူကား ရွာထဲသို့မဝင်သေးဘဲ သူ့အား မာသဆီးကြိုခဲ့သောအရပ်၌ပင် ရှိတော်မူ၏။
31. အိမ်၌ မာရိနှင့်အတူရှိ၍ သူ့ကိုနှစ်သိမ့်နေသောဂျူးလူမျိုးတို့သည် မာရိအလျင်အမြန်ထ၍ ထွက်သွားသည်ကိုမြင်ကြလျှင် ငိုကြွေးရန် သင်္ချိုင်းဂူသို့သွားသည်ဟု ထင်မှတ်လျက် သူ့နောက်သို့လိုက်သွားကြ၏။
32. မာရိသည် ယေရှုရှိတော်မူရာအရပ်သို့ရောက်၍ ကိုယ်တော်ကိုမြင်သောအခါ ခြေတော်ရင်း၌ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဤနေရာ၌ ကိုယ်တော်ရှိတော်မူခဲ့လျှင် ကျွန်မ၏မောင်သေဆုံးခဲ့မည်မဟုတ်ပါ”ဟု လျှောက်လေ၏။
33. ယေရှုသည် မာရိငိုကြွေးနေသည်ကိုလည်းကောင်း၊ လိုက်လာသောဂျူးလူမျိုးတို့သည်လည်း ငိုကြွေးနေကြသည်ကိုလည်းကောင်း မြင်တော်မူလျှင် စိတ်တော်ထဲတွင်ညည်းတွားလျက် ရင်တွင်း၌မငြိမ်မသက်ဖြစ်ကာ
34. “သူ့ကိုအဘယ်မှာသင်္ဂြိုဟ်ကြသနည်း”ဟု မေးတော်မူ၏။ သူတို့ကလည်း “သခင်ဘုရား၊ ကြွ၍ကြည့်ရှုတော်မူပါ”ဟု လျှောက်ကြ၏။
35. ယေရှုသည် မျက်ရည်ကျတော်မူ၏။
36. ထိုအခါ ဂျူးလူမျိုးတို့က “ကြည့်ပါ။ လာဇရုကို အလွန်ချစ်ခင်ပါသည်တကား”ဟု ဆိုကြ၏။
37. သို့သော် သူတို့ထဲမှအချို့တို့က “မျက်မမြင်ကိုမျက်စိမြင်စေခဲ့သော ဤသူသည် လာဇရုကိုလည်းမသေစေရန် မတတ်နိုင်သလော”ဟု ဆိုကြ၏။