2. တံခါးပေါက်မှဝင်သောသူမူကား သိုးတို့၏သိုးထိန်းဖြစ်၏။
3. တံခါးစောင့်သည် သူ့ကို တံခါးဖွင့်ပေးတတ်၏။ သိုးတို့သည် သူ၏အသံကိုနားထောင်တတ်ကြ၏။ သူသည် မိမိ၏သိုးတို့ကို နာမည်ဖြင့်ခေါ်၍ ထုတ်ဆောင်တတ်၏။
4. မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။
5. သူစိမ်းတို့၏အသံကိုမူ မသိကြသောကြောင့် သူစိမ်းနောက်သို့ မည်သည့်အခါမျှ မလိုက်သည်သာမက သူစိမ်းထံမှ ထွက်ပြေးတတ်ကြ၏”ဟု မိန့်တော်မူ၏။
6. ယေရှုသည် ဤပုံဥပမာကို လူတို့အားမိန့်တော်မူသော်လည်း မည်သည့်အကြောင်းအရာများမိန့်တော်မူသည်ကို သူတို့နားမလည်ကြ။
7. ထို့ကြောင့် တစ်ဖန် ယေရှုက “သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါသည် သိုးတို့ဝင်သောတံခါးပေါက်ဖြစ်၏။
8. ငါ့ထက်အလျင်ဦးစွာရောက်လာသောသူရှိသမျှတို့သည် သူခိုးများ၊ ဓားပြများဖြစ်ကြ၏။ သို့သော် သိုးတို့သည် သူတို့ကိုနားမထောင်ခဲ့ကြ။
9. ငါသည် တံခါးပေါက်ဖြစ်၏။ မည်သူမဆို ငါ့အားဖြင့်ဝင်လျှင် ကယ်တင်ခြင်းခံရမည်။ ထိုသူသည် ဝင်ထွက်ကာ ကျက်စားရာကိုတွေ့ရလိမ့်မည်။
10. သူခိုးသည် ခိုးယူ၊ သတ်ဖြတ်၊ ဖျက်ဆီးရန်သာ လာတတ်၏။ ငါမူကား သိုးတို့အား အသက်ကိုရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာရရှိစေရန်လာ၏။
11. ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ကောင်းမြတ်သောသိုးထိန်းသည် သိုးတို့အတွက် မိမိအသက်ကိုစွန့်တတ်၏။