17. ငါသည် အသက်ကိုပြန်လည်ရယူရန် ငါ့အသက်ကိုစွန့်သောကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
18. မည်သူကမျှငါ့အသက်ကို ငါ့ထံမှနုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကိုငါစွန့်၏။ ငါ၌ ကိုယ့်အသက်ကိုစွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအမိန့်ကို ငါ့ခမည်းတော်ထံမှရရှိ၏”ဟု မိန့်တော်မူ၏။
19. ဤစကားတော်များကြောင့် ဂျူးလူမျိုးတို့ထဲတွင် ကွဲပြားခြင်းရှိကြပြန်၏။
20. သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
21. အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။
22. ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။
23. ယေရှုသည် ဗိမာန်တော်၌ရှိသော ရှောလမုန်မုခ်ဆောင်တွင် ကြွတော်မူစဉ်
24. ဂျူးလူမျိုးတို့သည် ကိုယ်တော်ကိုဝိုင်းရံလျက် “သင်သည် အကျွန်ုပ်တို့၏စိတ်ကို မည်မျှကြာအောင် ဒွိဟဖြစ်စေမည်နည်း။ သင်သည် ခရစ်တော်မှန်လျှင် အကျွန်ုပ်တို့အား အတိအလင်းပြောပါ”ဟု ဆိုကြ၏။
25. ယေရှုကလည်း “သင်တို့ကို ငါပြောခဲ့သော်လည်း သင်တို့မယုံကြည်ကြ။ ငါ့ခမည်းတော်၏နာမတော်အားဖြင့် ငါပြုနေသောအမှုများသည် ငါ့အကြောင်းကိုသက်သေခံလျက်ရှိ၏။
26. သို့သော် သင်တို့မယုံကြည်ကြ။ မယုံကြသည့်အကြောင်းကား သင်တို့သည် ငါ့သိုးမဟုတ်ကြသောကြောင့်ဖြစ်၏။
27. ငါ့သိုးတို့သည် ငါ့အသံကိုနားထောင်ကြ၏။ ငါသည်လည်း သူတို့ကိုသိ၍ သူတို့သည် ငါ့နောက်သို့လိုက်ကြ၏။
28. ငါသည် သူတို့အား ထာဝရအသက်ကိုပေး၍ သူတို့သည် ကာလအစဉ်အဆက် မည်သည့်အခါမျှ မပျက်စီးရ။ မည်သူမျှ သူတို့ကို ငါ့လက်ထဲမှလုယူ၍မရနိုင်။
29. သူတို့ကို ငါ့အားပေးအပ်တော်မူသောငါ့ခမည်းတော်သည် အလုံးစုံတို့ထက် ကြီးမြတ်တော်မူသည်ဖြစ်၍ မည်သူမျှ သူတို့ကို ခမည်းတော်၏လက်ထဲမှမလုယူနိုင်။
30. ငါနှင့်ခမည်းတော်သည် တစ်လုံးတစ်ဝတည်းဖြစ်၏”ဟု ပြန်၍မိန့်တော်မူ၏။
31. ဂျူးလူမျိုးတို့သည် ကိုယ်တော်ကို ခဲနှင့်ပေါက်သတ်ရန် ကျောက်ခဲတို့ကိုကောက်ယူကြပြန်၏။
32. ယေရှုကလည်း “ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
33. ဂျူးလူမျိုးတို့က “ကောင်းသောအမှုကြောင့် သင့်ကိုခဲနှင့်ပေါက်သတ်ကြမည်မဟုတ်။ သင်သည် လူဖြစ်လျက်နှင့်ပင် သင့်ကိုယ်သင် ဘုရားအယောင်ဆောင်၍ ဘုရားသခင်ကိုစော်ကားသောကြောင့်ဖြစ်၏”ဟု ပြန်ပြောကြ၏။
34. ယေရှုက “သင်တို့၏ပညတ်တရားကျမ်းတွင် ‘ငါဆိုသည်ကား သင်တို့သည် ဘုရားများဖြစ်ကြ၏’ဟူ၍ ရေးထားသည်မဟုတ်လော။
35. ဘုရားသခင်၏နှုတ်ကပတ်တော်ကိုရရှိသောသူတို့အား ‘ဘုရားများ’ဟု ခေါ်လျှင် ကျမ်းစာသည် မပျက်ပြယ်နိုင်သည်ဖြစ်၍