14. ငါသည် ကောင်းမြတ်သောသိုးထိန်းဖြစ်၏။ ခမည်းတော်သည် ငါ့ကိုသိတော်မူ၍ ငါသည် ခမည်းတော်ကိုသိသကဲ့သို့ ငါ့သိုးတို့ကို ငါသိ၍ ငါ့သိုးတို့သည်လည်း ငါ့ကိုသိကြ၏။
15. ငါသည် သိုးတို့အတွက် ငါ့အသက်ကိုစွန့်၏။
16. ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
17. ငါသည် အသက်ကိုပြန်လည်ရယူရန် ငါ့အသက်ကိုစွန့်သောကြောင့် ခမည်းတော်သည် ငါ့ကိုချစ်တော်မူ၏။
18. မည်သူကမျှငါ့အသက်ကို ငါ့ထံမှနုတ်ယူသည်မဟုတ်။ ငါ့ဆန္ဒအလျောက် ငါ့အသက်ကိုငါစွန့်၏။ ငါ၌ ကိုယ့်အသက်ကိုစွန့်ပိုင်ခွင့်ရှိ၍ ၎င်းကို ပြန်လည်ရယူပိုင်ခွင့်ရှိ၏။ ငါသည် ဤအမိန့်ကို ငါ့ခမည်းတော်ထံမှရရှိ၏”ဟု မိန့်တော်မူ၏။
19. ဤစကားတော်များကြောင့် ဂျူးလူမျိုးတို့ထဲတွင် ကွဲပြားခြင်းရှိကြပြန်၏။
20. သူတို့ထဲမှ အများစုက “သူသည် နတ်ဆိုးပူး၍ ရူးသွပ်နေပြီ။ သူ့ကို အဘယ်ကြောင့် နားထောင်ကြသနည်း”ဟု ဆိုကြ၏။
21. အခြားသောသူတို့က “ဤစကားတို့သည် နတ်ဆိုးပူးသူ၏စကားမဟုတ်။ နတ်ဆိုးသည် မျက်မမြင်တို့ကိုမျက်စိမြင်စေနိုင်ပါမည်လော”ဟု ဆိုကြ၏။
22. ထိုစဉ်က ဂျေရုဆလင်မြို့၌ ဗိမာန်တော်သန့်စင်ခြင်းအထိမ်းအမှတ်ပွဲတော်ရှိ၏။ အချိန်ကား ဆောင်းကာလဖြစ်၏။