40. ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သွားသောသူနှစ်ဦးထဲမှတစ်ဦးသည် ရှိမုန်ပေတရု၏ညီအန္ဒြေဖြစ်၏။
41. အန္ဒြေသည် မိမိအစ်ကိုရှိမုန်ကို ဦးစွာတွေ့၍ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ”ဟု ဆိုလျက်
42. သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍ “သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက်ဟူ၍ဖြစ်၏။)
43. နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင် “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။
44. ဖိလိပ္ပုသည် အန္ဒြေနှင့်ပေတရုတို့၏ဇာတိမြို့ဖြစ်သော ဗက်ဇဲဒမြို့မှလာသောသူဖြစ်၏။
45. ဖိလိပ္ပုသည် နာသနေလကိုတွေ့လျှင် “မောရှေသည် ပညတ်တရားကျမ်း၌လည်းကောင်း၊ ပရောဖက်တို့သည်လည်း သူတို့ကျမ်း၌လည်းကောင်း ရေးသားဖော်ပြထားသောသူ၊ ယောသပ်၏သား၊ နာဇရက်မြို့မှယေရှုကို ငါတို့တွေ့ကြပြီ”ဟု ဆို၏။
46. နာသနေလကလည်း “နာဇရက်မြို့ထဲမှ ကောင်းသောအရာတစ်စုံတစ်ခုထွက်နိုင်သလော”ဟု ဆိုသော် ဖိလိပ္ပုက “လာ၍ကြည့်ပါ”ဟု ဆိုလေ၏။
47. ယေရှုသည် မိမိထံသို့ နာသနေလလာနေသည်ကိုမြင်လျှင် “ကြည့်လော့။ စစ်မှန်သောအစ္စရေးအမျိုးသားပေတည်း။ သူ၌စဉ်းလဲခြင်းမရှိ”ဟု သူ့ကိုရည်ညွှန်း၍ မိန့်တော်မူ၏။
48. နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက “ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏”ဟု ပြန်၍မိန့်တော်မူ၏။
49. နာသနေလက “ရဗ္ဗိ၊ ကိုယ်တော်သည် ဘုရားသခင်၏သားတော်ဖြစ်ပါသည်။ အစ္စရေးဘုရင်လည်းဖြစ်ပါသည်”ဟု လျှောက်လေ၏။