33. ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း
34. ငါမြင်ရသဖြင့် ဤသူသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းကို ငါသက်သေခံသည်”ဟု ဆိုလေ၏။
35. နောက်တစ်နေ့၌ ယောဟန်သည် တစ်ဖန် မိမိ၏တပည့်နှစ်ဦးတို့နှင့်အတူ ရပ်နေစဉ်
36. ယေရှုကြွတော်မူသည်ကိုမြင်၍ “ကြည့်လော့။ ဘုရားသခင်၏သိုးသငယ်တော်ပေတည်း”ဟု ဆို၏။
37. ထိုသို့ ယောဟန်ပြောဆိုသည်ကို တပည့်နှစ်ဦးတို့သည်ကြားလျှင် ယေရှုနောက်တော်သို့လိုက်သွားကြ၏။
38. ယေရှုသည်လှည့်၍ ထိုသူတို့လိုက်လာကြသည်ကိုမြင်လျှင် “မည်သည့်အရာကိုအလိုရှိကြသနည်း”ဟု မေးတော်မူ၏။ ထိုသူတို့ကလည်း “ရဗ္ဗိ၊ ကိုယ်တော်အဘယ်မှာနေတော်မူသနည်း”ဟု မေးလျှောက်ကြ၏။ (ရဗ္ဗိ၏အဓိပ္ပာယ်မှာ ဆရာဟူ၍ဖြစ်၏။)
39. ယေရှုက “လာကြလော့။ သင်တို့သိမြင်ရလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်း သူတို့သည်လိုက်သွား၍ နေတော်မူရာအရပ်ကိုတွေ့မြင်ကြပြီး ထိုနေ့၌ ကိုယ်တော်နှင့်အတူနေခဲ့ကြ၏။ ထိုအချိန်ကား ညနေလေးနာရီခန့်ဖြစ်၏။
40. ယောဟန်၏စကားကိုကြား၍ နောက်တော်သို့လိုက်သွားသောသူနှစ်ဦးထဲမှတစ်ဦးသည် ရှိမုန်ပေတရု၏ညီအန္ဒြေဖြစ်၏။
41. အန္ဒြေသည် မိမိအစ်ကိုရှိမုန်ကို ဦးစွာတွေ့၍ “ငါတို့သည် မေရှိယကိုတွေ့ကြပြီ”ဟု ဆိုလျက်
42. သူ့ကို ယေရှုထံသို့ခေါ်ဆောင်လာ၏။ (မေရှိယ၏အဓိပ္ပာယ်မှာ ဘိသိက်ခံရသူဟူ၍ဖြစ်၏။) ယေရှုသည် ရှိမုန်ကိုစူးစိုက်ကြည့်၍ “သင်သည် ယောဟန်၏သားရှိမုန်ဖြစ်၏။ သင်သည် ကေဖဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်”ဟု မိန့်တော်မူ၏။ (ကေဖ၏အဓိပ္ပာယ်မှာ ကျောက်ဟူ၍ဖြစ်၏။)
43. နောက်တစ်နေ့တွင် ယေရှုသည် ဂါလိလဲနယ်သို့ထွက်ခွာရန် အလိုတော်ရှိ၏။ ထိုအခါ ဖိလိပ္ပုကိုတွေ့လျှင် “ငါ့နောက်သို့လိုက်လော့”ဟု မိန့်တော်မူ၏။