20. ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ဝန်ခံ၍ “ငါသည် ခရစ်တော်မဟုတ်”ဟု အတိအလင်းပြောလေ၏။
21. ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက်လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
22. ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။
23. ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏”ဟု ဆို၏။
24. ထိုသူတို့သည် ဖာရိရှဲတို့ထဲမှစေလွှတ်ခြင်းခံရသောသူများဖြစ်ကြ၏။
25. တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။
26. ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
27. ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်”ဟု ပြန်ပြော၏။
28. ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာတွင်ဖြစ်ပျက်ခဲ့၏။
29. နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
30. ‘ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်’ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်၏အကြောင်းပင်ဖြစ်သည်။
31. ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။
32. တစ်ဖန် ယောဟန်သည် သက်သေခံသည်ကား “ဝိညာဉ်တော်သည် ချိုးငှက်ကဲ့သို့ ကောင်းကင်မှဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို ငါမြင်ရပြီ။
33. ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် ရေ၌ဗတ္တိဇံပေးရန် ငါ့ကိုစေလွှတ်တော်မူသောအရှင်က ‘တစ်စုံတစ်ဦးအပေါ်သို့ ဝိညာဉ်တော်ဆင်းသက်၍ သူ့အပေါ်၌တည်တော်မူသည်ကို သင်မြင်လျှင် ထိုသူသည် သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံပေးသောသူဖြစ်၏’ဟု ငါ့အားမိန့်တော်မူခဲ့သည့်အတိုင်း