17. အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
18. ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
19. ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
20. ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ဝန်ခံ၍ “ငါသည် ခရစ်တော်မဟုတ်”ဟု အတိအလင်းပြောလေ၏။
21. ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက်လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
22. ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။
23. ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏”ဟု ဆို၏။
24. ထိုသူတို့သည် ဖာရိရှဲတို့ထဲမှစေလွှတ်ခြင်းခံရသောသူများဖြစ်ကြ၏။
25. တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။
26. ယောဟန်ကလည်း “ငါသည် ရေ၌ဗတ္တိဇံပေး၏။ သင်တို့အလယ်၌ သင်တို့မသိသောအရှင်တစ်ပါးရပ်လျက်ရှိ၏။
27. ထိုအရှင်သည် ငါ့နောက်တွင်ကြွလာသောအရှင်ဖြစ်၏။ ထိုအရှင်၏ခြေနင်းတော်ကြိုးကိုဖြေပေးရန်ပင် ငါသည် မထိုက်တန်”ဟု ပြန်ပြော၏။
28. ဤအခြင်းအရာတို့သည် ယောဟန်ဗတ္တိဇံပေးနေသော ဂျော်ဒန်မြစ်တစ်ဖက်ကမ်း၊ ဗေသနိရွာတွင်ဖြစ်ပျက်ခဲ့၏။
29. နောက်တစ်နေ့၌ ယောဟန်သည် မိမိထံသို့ ယေရှုကြွလာတော်မူသည်ကိုမြင်လျှင် “ကြည့်လော့။ ဤလောက၏အပြစ်ကိုယူဆောင်သွားသော ဘုရားသခင်၏သိုးသငယ်တော်ပေတည်း။
30. ‘ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သောအရှင်သည် ငါ့နောက်တွင်ကြွလာမည်’ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်၏အကြောင်းပင်ဖြစ်သည်။
31. ငါသည်လည်း အစက သူ့ကိုမသိ။ သို့ရာတွင် အစ္စရေးလူမျိုးရှေ့၌ သူ့ကိုထင်ရှားစေရန် ငါသည်လာ၍ ရေ၌ဗတ္တိဇံပေးလျက်နေသည်”ဟု ဆို၏။