11. ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
12. သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
13. ထိုသားသမီးတို့သည် မျိုးရိုးဇာတိအားဖြင့်သော်လည်းကောင်း၊ ကိုယ်ကာယ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း၊ လူ၏အလိုဆန္ဒအားဖြင့်သော်လည်းကောင်း မွေးဖွားကြသည်မဟုတ်။ ဘုရားသခင်အားဖြင့်သာ မွေးဖွားကြ၏။
14. နှုတ်ကပတ်တော်သည် လူသားအဖြစ်ကိုခံယူ၍ အကျွန်ုပ်တို့တွင်စံမြန်းတော်မူသဖြင့် အကျွန်ုပ်တို့သည် ကိုယ်တော်၏ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်ကား ခမည်းတော်ထံပါး၌ တစ်ပါးတည်းသောသားတော်အဖြစ်ရှိသောဘုန်းတော်ဖြစ်လျက် ကျေးဇူးတော်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ပြည့်စုံ၏။
15. ယောဟန်သည် ထိုအရှင်၏အကြောင်းကိုသက်သေခံလျက် “ငါ့နောက်တွင် ကြွလာသောအရှင်သည် ငါ့ထက်အလျင်ဦးစွာရှိနှင့်သည်ဖြစ်၍ ငါ့ထက်ကြီးမြတ်သည်ဟု ငါဆိုခဲ့သည်မှာ ထိုအရှင်ပင်ဖြစ်သည်”ဟု ကြွေးကြော်လေ၏။
16. အကျွန်ုပ်တို့အားလုံးသည် ထိုအရှင်၏ပြည့်စုံတော်မူခြင်းထဲမှ ကျေးဇူးတော်အပေါ်၌ ထပ်ဆင့်၍ ကျေးဇူးတော်ကိုခံစားရကြပြီ။
17. အကြောင်းမူကား ပညတ်တရားကို မောရှေအားဖြင့်ပေးတော်မူ၏။ ကျေးဇူးတော်နှင့်သမ္မာတရားမူကား ယေရှုခရစ်တော်အားဖြင့်ဖြစ်လာ၏။
18. ဘုရားသခင်ကို မည်သူမျှမမြင်ဖူးသော်လည်း ခမည်းတော်၏ရင်ခွင်၌ရှိသည့် တစ်ပါးတည်းသောသားတော်ဘုရားသည် ဘုရားသခင်ကို ထင်ရှားစေတော်မူပြီ။
19. ဂျူးလူမျိုးတို့သည် ယောဟန်ထံသို့ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင်တို့ကို ဂျေရုဆလင်မြို့မှစေလွှတ်၍ “သင်သည်မည်သူနည်း”ဟု မေးမြန်းစေကြသောအခါ ယောဟန်၏သက်သေခံချက်မှာ ဤသို့ဖြစ်၏။
20. ယောဟန်သည် ထိမ်ဝှက်ခြင်းမရှိဘဲ ဝန်ခံ၍ “ငါသည် ခရစ်တော်မဟုတ်”ဟု အတိအလင်းပြောလေ၏။
21. ထိုအခါ သူတို့က “သို့ဖြစ်လျှင် သင်သည်မည်သူနည်း။ ဧလိယလော”ဟု မေးကြသော် ယောဟန်က “ငါသည် ဧလိယမဟုတ်”ဟု ဆို၏။ “ထိုပရောဖက်လော”ဟု မေးကြပြန်သော် “မဟုတ်”ဟု ဆိုပြန်၏။
22. ထိုသူတို့ကလည်း “သင်သည်မည်သူနည်း။ ငါတို့ကိုစေလွှတ်သောသူတို့အား ပြန်၍ဖြေကြားနိုင်ရန် သင့်အကြောင်းကို သင်မည်သို့ပြောမည်နည်း”ဟု ဆိုကြ၏။
23. ယောဟန်က “ငါသည် ပရောဖက်ဟေရှာယဟောပြောခဲ့သည့်အတိုင်း ‘ထာဝရဘုရား၏လမ်းတော်ကို ဖြောင့်တန်းစေကြလော့’ဟူ၍ တောကန္တာရ၌ဟစ်ကြော်သောသူ၏အသံဖြစ်၏”ဟု ဆို၏။
24. ထိုသူတို့သည် ဖာရိရှဲတို့ထဲမှစေလွှတ်ခြင်းခံရသောသူများဖြစ်ကြ၏။
25. တစ်ဖန် သူတို့က “သင်သည် ခရစ်တော်မဟုတ်၊ ဧလိယလည်းမဟုတ်၊ ထိုပရောဖက်လည်းမဟုတ်လျှင် အဘယ်ကြောင့်ဗတ္တိဇံပေးသနည်း”ဟု မေးမြန်းကြ၏။