Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 8:5-18 Myanmar Standard Bible (MSB)

5. ထို့​နောက် ကိုယ်​တော်​သည် က​ပေ​ရ​နောင်​မြို့​သို့​ဝင်​တော်​မူ​လျှင် တပ်​မှူး​တစ်​ဦး​သည် အ​ထံ​တော်​သို့​ချဉ်း​ကပ်​လာ​၍

6. “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​ငယ်​သား​တစ်​ယောက်​သည် လေ​ဖြတ်​၍ ဝေ​ဒ​နာ​ပြင်း​ထန်​စွာ​ခံ​စား​လျက် အိမ်​၌​လဲ​လျောင်း​နေ​ရ​ပါ​၏”​ဟု တောင်း​ပန်​လျှောက်​ထား​လေ​၏။

7. ယေ​ရှု​က​လည်း “ငါ​လာ​၍ သူ့​ကို​ကျန်း​မာ​စေ​မည်”​ဟု မိန့်​တော်​မူ​သော်

8. တပ်​မှူး​က “သ​ခင်​ဘု​ရား၊ အ​ကျွန်ုပ်​၏​အိမ်​ခေါင်​မိုး​အောက်​သို့ ကိုယ်​တော်​ကြွ​ဝင်​တော်​မူ​ခြင်း​ကျေး​ဇူး​ကို အ​ကျွန်ုပ်​မ​ခံ​ထိုက်​ပါ။ အ​မိန့်​တော်​ကို​သာ ပေး​တော်​မူ​ပါ။ သို့​ပြု​လျှင် အ​ကျွန်ုပ်​၏​ငယ်​သား​သည် ကျန်း​မာ​ပါ​လိမ့်​မည်။

9. ဤ​သို့​ဆို​ခြင်း​မှာ အ​ကျွန်ုပ်​သည်​လည်း အ​မိန့်​အာ​ဏာ​အောက်​၌​ရှိ​သော​သူ​တစ်​ယောက်​ဖြစ်​ပြီး အ​ကျွန်ုပ်​၏​လက်​အောက်​တွင် စစ်​သား​များ​ရှိ​ပါ​သည်။ ဤ​တစ်​ယောက်​ကို ‘သွား​ပါ’​ဟု အ​ကျွန်ုပ်​ဆို​လျှင် သူ​သည်​သွား​၍ အ​ခြား​တစ်​ယောက်​ကို ‘လာ​ပါ’​ဟု ဆို​လျှင် သူ​သည်​လာ​ပါ​သည်။ အ​ကျွန်ုပ်​၏​အ​စေ​အ​ပါး​ကို​လည်း ‘ဤ​အ​ရာ​ကို​လုပ်​ပါ’​ဟု ဆို​လျှင် သူ​သည်​လုပ်​ပါ​သည်”​ဟူ​၍ လျှောက်​လေ​၏။

10. ယေ​ရှု​သည် ထို​စ​ကား​ကို​ကြား​လျှင် အံ့​ဩ​၍ နောက်​တော်​သို့​လိုက်​သော​သူ​တို့​အား “သင်​တို့​ကို ငါ​အ​မှန်​ဆို​မည်။ ဤ​မျှ​လောက်​ကြီး​မား​သော​ယုံ​ကြည်​ခြင်း​ရှိ​သော​သူ​တစ်​စုံ​တစ်​ဦး​ကို​မျှ အစ္စ​ရေး​လူ​မျိုး​ထဲ​၌ ငါ​မ​တွေ့​ဖူး​ချေ။

11. သင်​တို့​အား ငါ​ဆို​သည်​ကား များ​စွာ​သော​လူ​တို့​သည် အ​ရှေ့​အ​ရပ်​နှင့်​အ​နောက်​အ​ရပ်​တို့​မှ​လာ​၍ ကောင်း​ကင်​နိုင်​ငံ​တော်​၌ အာ​ဗြ​ဟံ၊ ဣ​ဇက်၊ ယာ​ကုပ်​တို့​နှင့်​အ​တူ စား​သောက်​ပွဲ​၌​ထိုင်​ကြ​လိမ့်​မည်။

12. နိုင်​ငံ​တော်​၏​သား​တို့​မူ​ကား အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ခြင်း​ခံ​ရ​ကြ​လိမ့်​မည်။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်”​ဟု မိန့်​တော်​မူ​၏။

13. ထို့​နောက် ယေ​ရှု​သည် တပ်​မှူး​အား “သွား​လော့။ သင်​ယုံ​ကြည်​သည့်​အ​တိုင်း သင်​၌​ဖြစ်​စေ”​ဟု မိန့်​တော်​မူ​၏။ ထို​အ​ချိန်​နာ​ရီ​၌​ပင် သူ​၏​ငယ်​သား​သည် ကျန်း​မာ​လာ​လေ​၏။

14. ထို့​နောက် ယေ​ရှု​သည် ပေ​တ​ရု​အိမ်​သို့​ကြွ​တော်​မူ​လျှင် ပေ​တ​ရု​၏​ယောက္ခ​မ​သည် ဖျား​နာ​လျက် အိပ်​ရာ​ပေါ်​တွင် လဲ​လျောင်း​နေ​သည်​ကို တွေ့​မြင်​တော်​မူ​၏။

15. ကိုယ်​တော်​သည် ထို​အ​မျိုး​သ​မီး​၏​လက်​ကို တို့​ထိ​တော်​မူ​ရာ သူ​သည် အ​ဖျား​ပျောက်​သ​ဖြင့် ထ​၍ ကိုယ်​တော်​ကို​ဧည့်​ဝတ်​ပြု​လေ​၏။

16. ည​နေ​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ လူ​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​စွာ​တို့​ကို အ​ထံ​တော်​သို့​ခေါ်​ဆောင်​လာ​ကြ​ရာ ကိုယ်​တော်​သည် ထို​နတ်​တို့​ကို နှုတ်​တော်​ထွက်​စ​ကား​ဖြင့် နှင်​ထုတ်​တော်​မူ​၏။ နာ​မ​ကျန်း​ဖြစ်​သူ​ရှိ​သ​မျှ​တို့​ကို​လည်း ကျန်း​မာ​စေ​တော်​မူ​၏။

17. ဤ​သည်​ကား “ကိုယ်​တော်​သည် အ​ကျွန်ုပ်​တို့​၏​အား​နည်း​ခြင်း​များ​ကို ယူ​ဆောင်​၍ အ​ကျွန်ုပ်​တို့​၏​ရော​ဂါ​များ​ကို သယ်​ဆောင်​သွား​တော်​မူ​၏”​ဟု ပ​ရော​ဖက်​ဟေ​ရှာ​ယ​အား​ဖြင့် မိန့်​တော်​မူ​သော​အ​ရာ ပြည့်​စုံ​ခြင်း​သို့​ရောက်​မည့်​အ​ကြောင်း​တည်း။

18. ယေ​ရှု​သည် မိ​မိ​ပတ်​လည်​၌​ရှိ​သော​လူ​ထု​ပ​ရိ​သတ်​ကို မြင်​တော်​မူ​သော​အ​ခါ ပင်​လယ်​တစ်​ဖက်​ကမ်း​သို့​ကူး​သွား​ရန် အ​မိန့်​ပေး​တော်​မူ​၏။