13. ကျဉ်းသောတံခါးမှဝင်ကြလော့။ အကြောင်းမူကား ပျက်စီးခြင်းသို့ရောက်သောတံခါးသည် ကျယ်ဝန်း၍ လမ်းသည်ပြန့်ပြူး၏။ ထိုတံခါးမှဝင်သောသူတို့သည်လည်း များပြားလှ၏။
14. အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျဉ်း၍ လမ်းသည်ကြမ်းတမ်း၏။ ထိုတံခါးကိုတွေ့ရှိသောသူတို့သည်လည်း နည်းလှ၏။
15. ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
16. သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ ဆူးပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးလေပင်မှ သဖန်းသီးကိုလည်းကောင်း ဆွတ်ခူးရလေ့ရှိသလော။
17. ထိုနည်းတူ ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကိုသီးတတ်၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကိုသီးတတ်၏။
18. ကောင်းသောအပင်သည် မကောင်းသောအသီးကိုမသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကိုမသီးနိုင်။
19. ကောင်းသောအသီးမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။
20. သို့ဖြစ်၍ သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။
21. ‘သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်။
22. ထိုနေ့ရက်တွင် များစွာသောသူတို့သည် ‘သခင်ဘုရား၊ သခင်ဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏နာမတော်အားဖြင့် ပရောဖက်ပြုဟောပြောလျက် ကိုယ်တော်၏နာမတော်အားဖြင့် နတ်ဆိုးများကိုနှင်ထုတ်ကာ ကိုယ်တော်၏နာမတော်အားဖြင့် တန်ခိုးလက္ခဏာများစွာတို့ကို ပြုခဲ့ကြသည်မဟုတ်လော’ဟု ငါ့အား လျှောက်ကြလိမ့်မည်။
23. ထိုအခါ ငါသည် သူတို့အား ‘သင်တို့ကို ငါလုံးဝမသိ။ တရားမဲ့သောအမှုကိုပြုသောသူတို့၊ ငါ့ထံမှ ထွက်သွားကြလော့’ဟု အတိအလင်းပြောမည်။