10. သို့မဟုတ် ငါးကိုတောင်းသောအခါ မြွေကိုပေးမည်နည်း။
11. သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် မိမိတို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကို သိကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သောသူများအား ကောင်းသည့်အရာများကို သာ၍ပင်ပေးတော်မူမည်မဟုတ်လော။
12. သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
13. ကျဉ်းသောတံခါးမှဝင်ကြလော့။ အကြောင်းမူကား ပျက်စီးခြင်းသို့ရောက်သောတံခါးသည် ကျယ်ဝန်း၍ လမ်းသည်ပြန့်ပြူး၏။ ထိုတံခါးမှဝင်သောသူတို့သည်လည်း များပြားလှ၏။
14. အသက်ရှင်ခြင်းသို့ရောက်သောတံခါးသည် ကျဉ်း၍ လမ်းသည်ကြမ်းတမ်း၏။ ထိုတံခါးကိုတွေ့ရှိသောသူတို့သည်လည်း နည်းလှ၏။
15. ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
16. သူတို့၏အသီးများအားဖြင့် သူတို့ကို သင်တို့သိကြလိမ့်မည်။ ဆူးပင်မှ စပျစ်သီးကိုလည်းကောင်း၊ ဆူးလေပင်မှ သဖန်းသီးကိုလည်းကောင်း ဆွတ်ခူးရလေ့ရှိသလော။
17. ထိုနည်းတူ ကောင်းသောအပင်တိုင်းသည် ကောင်းသောအသီးကိုသီးတတ်၏။ မကောင်းသောအပင်မူကား မကောင်းသောအသီးကိုသီးတတ်၏။
18. ကောင်းသောအပင်သည် မကောင်းသောအသီးကိုမသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကိုမသီးနိုင်။
19. ကောင်းသောအသီးမသီးသောအပင်တိုင်းသည် ခုတ်လှဲခြင်းခံရ၍ မီးထဲသို့ ပစ်ချခြင်းခံရလိမ့်မည်။