1. သင်တို့သည် စီရင်ခြင်းမခံရမည့်အကြောင်း သူတစ်ပါးကို မစီရင်ကြနှင့်။
2. အကြောင်းမူကား သင်တို့စီရင်သည့်နည်းလမ်းအတိုင်း သင်တို့သည် စီရင်ခြင်းခံရ၍ သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးလိမ့်မည်။
3. သင်သည် မိမိမျက်စိ၌ရှိသောသစ်တုံးကို သတိမမူဘဲ သင့်ညီအစ်ကို၏မျက်စိ၌ရှိသောသစ်အမှုန်အစကို အဘယ်ကြောင့်မြင်သနည်း။
4. သင်သည် မိမိမျက်စိ၌သစ်တုံးရှိလျက်ပင် သင့်ညီအစ်ကိုအား ‘သင်၏မျက်စိထဲမှ သစ်အမှုန်အစကို ထုတ်ပေးပါရစေ’ဟု မည်သို့ပြောနိုင်မည်နည်း။
5. သူတော်ကောင်းယောင်ဆောင်သောသူ၊ သင်၏မျက်စိထဲမှ သစ်တုံးကို ဦးစွာထုတ်ပစ်လော့။ ထိုအခါ သင့်ညီအစ်ကို၏မျက်စိထဲမှ သစ်အမှုန်အစကိုထုတ်ပစ်ရန် ရှင်းလင်းစွာမြင်ရလိမ့်မည်။
6. သန့်ရှင်းသောအရာကို ခွေးတို့အားမပေးကြနှင့်။ သင်တို့၏ပုလဲများကိုလည်း ဝက်တို့ရှေ့၌မချထားကြနှင့်။ ၎င်းတို့သည် ထိုအရာများကို မိမိတို့ခြေဖြင့်နင်းခြေပြီးလျှင် လှည့်လာ၍ သင်တို့ကိုကိုက်ဖြတ်ကြမည်ကိုစိုးရိမ်ရ၏။
7. တောင်းကြလော့။ တောင်းလျှင် သင်တို့ရကြလိမ့်မည်။ ရှာကြလော့။ ရှာလျှင် သင်တို့တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြလော့။ ခေါက်လျှင် သင်တို့ကို ဖွင့်ပေးလိမ့်မည်။
8. အကြောင်းမူကား တောင်းသောသူတိုင်းသည်ရ၏။ ရှာသောသူသည်လည်း တွေ့၏။ တံခါးခေါက်သောသူကိုလည်း ဖွင့်ပေးလိမ့်မည်။
9. သင်တို့တွင် မည်သူသည် မိမိ၏သားက မုန့်ကိုတောင်းသောအခါ ကျောက်ခဲကိုပေးမည်နည်း၊
10. သို့မဟုတ် ငါးကိုတောင်းသောအခါ မြွေကိုပေးမည်နည်း။
11. သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် မိမိတို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကို သိကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သောသူများအား ကောင်းသည့်အရာများကို သာ၍ပင်ပေးတော်မူမည်မဟုတ်လော။
12. သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။