8. ထိုအခါ မိုက်မဲသောသူတို့က ‘ငါတို့မီးခွက်များမီးငြိမ်းတော့မည်ဖြစ်၍ သင်တို့၏ဆီအချို့ကို ငါတို့အားပေးကြပါ’ဟု ပညာသတိရှိသောသူတို့ကိုပြောကြ၏။
9. သို့သော် ပညာသတိရှိသောသူတို့က ‘ထိုသို့ပြုလျှင် သင်တို့နှင့်ငါတို့အတွက် လုံလောက်မည်မဟုတ်ပါ။ ဆီရောင်းသောသူတို့ထံသို့သာသွား၍ မိမိတို့အတွက် ဝယ်ယူကြပါ’ဟု ပြန်ပြောကြ၏။
10. သူတို့သွား၍ ဝယ်နေကြစဉ် သတို့သားရောက်လာသဖြင့် အသင့်ရှိနေသောသူတို့သည် သတို့သားနှင့်အတူ မင်္ဂလာဆောင်ပွဲသို့ဝင်ကြ၏။ ထိုအခါ တံခါးကိုပိတ်ကြ၏။
11. ထို့နောက် အခြားသောအပျိုကညာတို့သည်လည်း ရောက်လာ၍ ‘အရှင်၊ အရှင်၊ ကျွန်မတို့အား တံခါးဖွင့်ပေးပါ’ဟု ဆိုကြ၏။
12. သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။
13. သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ။
14. ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိ၏အစေအပါးတို့ကိုခေါ်၍ သူ၏ဥစ္စာပစ္စည်းများကို သူတို့အားအပ်နှင်းခဲ့သည်နှင့်တူ၏။
15. သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
16. ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
17. ထိုနည်းတူ နှစ်တာလန်ရသောသူသည်လည်း နောက်ထပ် နှစ်တာလန်အမြတ်ရလေ၏။
18. တစ်တာလန်ရသောသူမူကား သွား၍ မြေ၌တွင်းတူးကာ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။
19. ကာလအတန်ကြာပြီးနောက် ထိုအစေအပါးတို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။
20. ထိုအခါ ငါးတာလန်ရသောသူသည် ချဉ်းကပ်၍ နောက်ထပ် ငါးတာလန်ကိုဆက်သကာ ‘သခင်၊ သခင်သည် အကျွန်ုပ်အား ငါးတာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် ငါးတာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
21. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
22. နှစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် အကျွန်ုပ်အား နှစ်တာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် နှစ်တာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
23. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
24. တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
25. ထို့ကြောင့် အကျွန်ုပ်သည် ကြောက်သဖြင့် သွား၍ သခင်၏ငွေကို မြေ၌ဝှက်ထားပါသည်။ ကြည့်ပါ။ သခင်၏ဥစ္စာရှိပါသည်’ဟု လျှောက်လေ၏။
26. သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
27. ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
28. ထို့ကြောင့် တစ်တာလန်ကို သူ့ထံမှယူ၍ ဆယ်တာလန်ရှိသောသူအား ပေးကြလော့။