Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:20-27 Myanmar Standard Bible (MSB)

20. ထို​အ​ခါ ငါး​တာ​လန်​ရ​သော​သူ​သည် ချဉ်း​ကပ်​၍ နောက်​ထပ် ငါး​တာ​လန်​ကို​ဆက်​သ​ကာ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား ငါး​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် ငါး​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

21. သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

22. နှစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား နှစ်​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် နှစ်​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

23. သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

24. တစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် မိ​မိ​မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မိ​မိ​မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​သည့် ခက်​ထန်​သော​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်။

25. ထို့​ကြောင့် အ​ကျွန်ုပ်​သည် ကြောက်​သ​ဖြင့် သွား​၍ သ​ခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သ​ခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။

26. သူ​၏​သ​ခင်​က​လည်း ‘ဆိုး​ညစ်​၍ ပျင်း​ရိ​သော​အ​စေ​အ​ပါး၊ ငါ​သည် မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

27. ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငါ​၏​ငွေ​ကို အ​တိုး​နှင့်​တ​ကွ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။