Myanmar Standard Bible

ရှင်​မဿဲ​ခ​ရစ်​ဝင် 25:18-33 Myanmar Standard Bible (MSB)

18. တစ်​တာ​လန်​ရ​သော​သူ​မူ​ကား သွား​၍ မြေ​၌​တွင်း​တူး​ကာ မိ​မိ​သ​ခင်​၏​ငွေ​ကို ဝှက်​ထား​လေ​၏။

19. ကာ​လ​အ​တန်​ကြာ​ပြီး​နောက် ထို​အ​စေ​အ​ပါး​တို့​၏​သ​ခင်​သည် ပြန်​လာ​၍ သူ​တို့​နှင့်​စာ​ရင်း​ရှင်း​လေ​၏။

20. ထို​အ​ခါ ငါး​တာ​လန်​ရ​သော​သူ​သည် ချဉ်း​ကပ်​၍ နောက်​ထပ် ငါး​တာ​လန်​ကို​ဆက်​သ​ကာ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား ငါး​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် ငါး​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

21. သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား​ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

22. နှစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် အ​ကျွန်ုပ်​အား နှစ်​တာ​လန်​အပ်​နှင်း​ခဲ့​ပါ​သည်။ ကြည့်​ပါ။ အ​ကျွန်ုပ်​သည် နောက်​ထပ် နှစ်​တာ​လန်​အ​မြတ်​ရ​ပါ​ပြီ’​ဟု လျှောက်​လေ​၏။

23. သူ​၏​သ​ခင်​က​လည်း ‘ကောင်း​လေ​စွ။ သစ္စာ​ရှိ​သော​အ​စေ​အ​ပါး​ကောင်း၊ သင်​သည် အ​နည်း​ငယ်​သော​အ​ရာ​၌ သစ္စာ​ရှိ​၏။ များ​စွာ​သော​အ​ရာ​တို့​ကို သင့်​အား ကြီး​ကြပ်​စောင့်​ရှောက်​စေ​မည်။ သင့်​သ​ခင်​၏​ဝမ်း​မြောက်​ခြင်း​၌ ပါ​ဝင်​ဆင်​နွှဲ​လော့’​ဟု ဆို​လေ​၏။

24. တစ်​တာ​လန်​ရ​သော​သူ​သည်​လည်း ချဉ်း​ကပ်​၍ ‘သ​ခင်၊ သ​ခင်​သည် မိ​မိ​မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မိ​မိ​မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​သည့် ခက်​ထန်​သော​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​သည်။

25. ထို့​ကြောင့် အ​ကျွန်ုပ်​သည် ကြောက်​သ​ဖြင့် သွား​၍ သ​ခင်​၏​ငွေ​ကို မြေ​၌​ဝှက်​ထား​ပါ​သည်။ ကြည့်​ပါ။ သ​ခင်​၏​ဥစ္စာ​ရှိ​ပါ​သည်’​ဟု လျှောက်​လေ​၏။

26. သူ​၏​သ​ခင်​က​လည်း ‘ဆိုး​ညစ်​၍ ပျင်း​ရိ​သော​အ​စေ​အ​ပါး၊ ငါ​သည် မ​စိုက်​ပျိုး​သည့်​နေ​ရာ​မှ​ရိတ်​သိမ်း​ပြီး မ​ကြဲ​ဖြန့်​သည့်​နေ​ရာ​မှ​စု​သိမ်း​တတ်​ကြောင်း သင်​သိ​သည်​မှန်​လျှင်

27. ငါ​၏​ငွေ​ကို ငွေ​တိုး​ပေး​သူ​လက်​၌ အပ်​ထား​သင့်​၏။ သို့​ပြု​လျှင် ငါ​ပြန်​လာ​သော​အ​ခါ ငါ​၏​ငွေ​ကို အ​တိုး​နှင့်​တ​ကွ​ရ​ရှိ​ခဲ့​ပေ​လိမ့်​မည်။

28. ထို့​ကြောင့် တစ်​တာ​လန်​ကို သူ့​ထံ​မှ​ယူ​၍ ဆယ်​တာ​လန်​ရှိ​သော​သူ​အား ပေး​ကြ​လော့။

29. အ​ကြောင်း​မူ​ကား ရှိ​သော​သူ​တိုင်း​အား ထပ်​၍​ပေး​သ​ဖြင့် သူ​တို့​သည် ကြွယ်​ဝ​ပြည့်​စုံ​လိမ့်​မည်။ မ​ရှိ​သော​သူ​မူ​ကား သူ​၌​ရှိ​သော​အ​ရာ​ပင် သူ့​ထံ​မှ သိမ်း​ယူ​ခြင်း​ခံ​ရ​လိမ့်​မည်။

30. အ​ကျိုး​မ​ပြု​သော ဤ​အ​စေ​အ​ပါး​ကို​ကား အ​ပြင်​ဘက်​အ​မှောင်​ထဲ​သို့ နှင်​ထုတ်​ကြ​လော့။ ထို​နေ​ရာ​၌ ငို​ကြွေး​ခြင်း​နှင့်​အံ​ကြိတ်​ခြင်း​ရှိ​လိမ့်​မည်’​ဟု ဆို​လေ​၏။

31. လူ့​သား​သည် မိ​မိ​၏​ဘုန်း​အ​သ​ရေ​ကို​ဆောင်​လျက် ကောင်း​ကင်​တ​မန်​အ​ပေါင်း​တို့​နှင့်​တ​ကွ ကြွ​လာ​သော​အ​ခါ ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​စုံ​သော မိ​မိ​၏​ပလ္လင်​ပေါ်​၌ ထိုင်​တော်​မူ​လိမ့်​မည်။

32. ထို​အ​ခါ လူ​မျိုး​အ​ပေါင်း​တို့​ကို ရှေ့​တော်​၌ စု​ဝေး​စေ​ကြ​လိမ့်​မည်။ ထို့​နောက် သိုး​ထိန်း​သည် သိုး​တို့​ကို ဆိတ်​တို့​နှင့် သီး​ခြား​ခွဲ​ထား​သ​ကဲ့​သို့ ကိုယ်​တော်​သည် သူ​တို့​ကို တစ်​ဦး​နှင့်​တစ်​ဦး သီး​ခြား​ခွဲ​ထား​ကာ

33. သိုး​များ​ကို မိ​မိ​၏​လက်​ယာ​တော်​ဘက်​၌​လည်း​ကောင်း၊ ဆိတ်​များ​ကို လက်​ဝဲ​တော်​ဘက်​၌​လည်း​ကောင်း ထား​တော်​မူ​လိမ့်​မည်။