14. ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိ၏အစေအပါးတို့ကိုခေါ်၍ သူ၏ဥစ္စာပစ္စည်းများကို သူတို့အားအပ်နှင်းခဲ့သည်နှင့်တူ၏။
15. သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
16. ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
17. ထိုနည်းတူ နှစ်တာလန်ရသောသူသည်လည်း နောက်ထပ် နှစ်တာလန်အမြတ်ရလေ၏။
18. တစ်တာလန်ရသောသူမူကား သွား၍ မြေ၌တွင်းတူးကာ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။
19. ကာလအတန်ကြာပြီးနောက် ထိုအစေအပါးတို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။
20. ထိုအခါ ငါးတာလန်ရသောသူသည် ချဉ်းကပ်၍ နောက်ထပ် ငါးတာလန်ကိုဆက်သကာ ‘သခင်၊ သခင်သည် အကျွန်ုပ်အား ငါးတာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် ငါးတာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
21. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
22. နှစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် အကျွန်ုပ်အား နှစ်တာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် နှစ်တာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
23. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
24. တစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် မိမိမစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မိမိမကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်သည့် ခက်ထန်သောသူဖြစ်ကြောင်း အကျွန်ုပ်သိပါသည်။
25. ထို့ကြောင့် အကျွန်ုပ်သည် ကြောက်သဖြင့် သွား၍ သခင်၏ငွေကို မြေ၌ဝှက်ထားပါသည်။ ကြည့်ပါ။ သခင်၏ဥစ္စာရှိပါသည်’ဟု လျှောက်လေ၏။
26. သူ၏သခင်ကလည်း ‘ဆိုးညစ်၍ ပျင်းရိသောအစေအပါး၊ ငါသည် မစိုက်ပျိုးသည့်နေရာမှရိတ်သိမ်းပြီး မကြဲဖြန့်သည့်နေရာမှစုသိမ်းတတ်ကြောင်း သင်သိသည်မှန်လျှင်
27. ငါ၏ငွေကို ငွေတိုးပေးသူလက်၌ အပ်ထားသင့်၏။ သို့ပြုလျှင် ငါပြန်လာသောအခါ ငါ၏ငွေကို အတိုးနှင့်တကွရရှိခဲ့ပေလိမ့်မည်။
28. ထို့ကြောင့် တစ်တာလန်ကို သူ့ထံမှယူ၍ ဆယ်တာလန်ရှိသောသူအား ပေးကြလော့။
29. အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူမူကား သူ၌ရှိသောအရာပင် သူ့ထံမှ သိမ်းယူခြင်းခံရလိမ့်မည်။
30. အကျိုးမပြုသော ဤအစေအပါးကိုကား အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု ဆိုလေ၏။
31. လူ့သားသည် မိမိ၏ဘုန်းအသရေကိုဆောင်လျက် ကောင်းကင်တမန်အပေါင်းတို့နှင့်တကွ ကြွလာသောအခါ ဘုန်းအသရေနှင့်ပြည့်စုံသော မိမိ၏ပလ္လင်ပေါ်၌ ထိုင်တော်မူလိမ့်မည်။