12. သို့သော် သတို့သားက ‘သင်တို့အား ငါအမှန်ဆိုမည်။ သင်တို့ကို ငါမသိ’ဟု ပြန်ပြောလေ၏။
13. သို့ဖြစ်၍ သတိနှင့်စောင့်နေကြလော့။ အကြောင်းမူကား ထိုနေ့ရက်နှင့် ထိုအချိန်နာရီကို သင်တို့မသိကြ။
14. ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိ၏အစေအပါးတို့ကိုခေါ်၍ သူ၏ဥစ္စာပစ္စည်းများကို သူတို့အားအပ်နှင်းခဲ့သည်နှင့်တူ၏။
15. သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
16. ငါးတာလန်ရသောသူသည် ချက်ချင်းသွား၍ ထိုငွေများဖြင့်ကုန်သွယ်လျက် နောက်ထပ် ငါးတာလန်အမြတ်ရလေ၏။
17. ထိုနည်းတူ နှစ်တာလန်ရသောသူသည်လည်း နောက်ထပ် နှစ်တာလန်အမြတ်ရလေ၏။
18. တစ်တာလန်ရသောသူမူကား သွား၍ မြေ၌တွင်းတူးကာ မိမိသခင်၏ငွေကို ဝှက်ထားလေ၏။
19. ကာလအတန်ကြာပြီးနောက် ထိုအစေအပါးတို့၏သခင်သည် ပြန်လာ၍ သူတို့နှင့်စာရင်းရှင်းလေ၏။
20. ထိုအခါ ငါးတာလန်ရသောသူသည် ချဉ်းကပ်၍ နောက်ထပ် ငါးတာလန်ကိုဆက်သကာ ‘သခင်၊ သခင်သည် အကျွန်ုပ်အား ငါးတာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် ငါးတာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
21. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အားကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။
22. နှစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် အကျွန်ုပ်အား နှစ်တာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် နှစ်တာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
23. သူ၏သခင်ကလည်း ‘ကောင်းလေစွ။ သစ္စာရှိသောအစေအပါးကောင်း၊ သင်သည် အနည်းငယ်သောအရာ၌ သစ္စာရှိ၏။ များစွာသောအရာတို့ကို သင့်အား ကြီးကြပ်စောင့်ရှောက်စေမည်။ သင့်သခင်၏ဝမ်းမြောက်ခြင်း၌ ပါဝင်ဆင်နွှဲလော့’ဟု ဆိုလေ၏။