9. လမ်းဆုံလမ်းခွများသို့သွား၍ တွေ့သမျှသောသူတို့ကို မင်္ဂလာဆောင်ပွဲသို့ ဖိတ်ခေါ်ကြလော့’ဟု မိန့်တော်မူ၏။
10. ထိုအခါ အစေအပါးတို့သည် လမ်းများသို့သွား၍ လူဆိုးဖြစ်စေ၊ လူကောင်းဖြစ်စေ တွေ့သမျှသောသူတို့ကို စုဝေးစေကြသဖြင့် မင်္ဂလာဆောင်ပွဲသည် ဧည့်သည်များနှင့်ပြည့်သွားလေ၏။
11. ဘုရင်သည် ဧည့်သည်များကိုကြည့်ရှုရန် ကြွလာသောအခါ ထိုနေရာ၌ မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံမဝတ်ထားသောလူတစ်ယောက်ကို မြင်လျှင်
12. ‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။
13. ထိုအခါ ဘုရင်က ‘ထိုသူ၏ခြေနှင့်လက်တို့ကိုချည်နှောင်၍ သူ့ကို အပြင်ဘက်အမှောင်ထဲသို့ နှင်ထုတ်ကြလော့။ ထိုနေရာ၌ ငိုကြွေးခြင်းနှင့်အံကြိတ်ခြင်းရှိလိမ့်မည်’ဟု အစေခံတို့အား မိန့်တော်မူ၏။
14. အကြောင်းမူကား ခေါ်ယူတော်မူခြင်းခံရသောသူတို့သည် များစွာရှိကြသော်လည်း ရွေးကောက်ခံရသောသူတို့သည် နည်းကြ၏”ဟု မိန့်တော်မူ၏။
15. ထိုအခါ ဖာရိရှဲတို့သည် ထွက်သွား၍ ကိုယ်တော်ကို နှုတ်တော်ထွက်စကားဖြင့် အကွက်ဆင်ဖမ်းနိုင်ရန် တိုင်ပင်ဆွေးနွေးကြ၏။
16. ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
17. သို့ဖြစ်၍ ဆရာမည်သို့ထင်မြင်ကြောင်း အကျွန်ုပ်တို့အား ပြောပြပါ။ ဆီဇာဧကရာဇ်ကို အခွန်ဆက်သခြင်းသည် တရားတော်နှင့်ညီသလော သို့မဟုတ် မညီသလော”ဟု မေးလျှောက်စေကြ၏။
18. သို့သော် ယေရှုသည် သူတို့၏ဆိုးညစ်မှုကိုသိတော်မူ၍ “သူတော်ကောင်းယောင်ဆောင်သောသူတို့၊ အဘယ်ကြောင့် ငါ့ကိုစမ်းသပ်ကြသနည်း။
19. အခွန်ငွေဒင်္ဂါးတစ်ပြားကို ငါ့အားပြကြလော့”ဟု မိန့်တော်မူလျှင် သူတို့သည် ဒေနာရိတစ်ပြားကို အထံတော်သို့ယူလာကြ၏။